မိုးနဲ အောက်တိုဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံစေရန်နှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ် မှုကဏ္ဍဖွံ့ဖြိုးတိုး တက်စေရေးအတွက် ဒေသခံတောင်သူများက ဆီထွက်သီးနှံမိုးနေကြာသီးနှံများကိုစိုက်ပျိုး ခဲ့ရာ ယခုအခါ မိုးနေကြာသီးနှံစိုက်ခင်းများမှာ အသီးအပွင့်များ ဝေဆာကာအောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး မကြာမီရိတ်သိမ်းရတော့မည် ဖြစ်ကြောင်း သိရသည်။
မိုးနဲမြို့နယ်အနေဖြင့် ဆီထွက်သီးနှံ မိုးနေကြာစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး စုစုပေါင်း ၅၂ ဧကလျာထားပြီး မိုးနေကြာသီးနှံကို ရာနှုန်းပြည့်စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဒေသခံတောင်သူတွေ မိုးနေကြာသီးနှံစိုက်ပျိုးရာမှာ တောင်သူတစ်ဦးချင်းအလိုက် သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက ဒေသခံတောင်သူများကို စိုက်ပျိုးရေးနည်းပညာနှင့် သွင်းအားစုပစ္စည်းများအား ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိုးနေကြာသီးနှံစိုက်ခင်းများမှာယခု အသီးအပွင့်များဝေဆာကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာခင်ရိတ်သိမ်းသွားမည်ဖြစ်ကြောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
မြို့နယ်တွင်း ဒေသခံတောင်သူများအနေဖြင့် အဓိကစိုက်ပျိုးသည့်သီးနှံများမှာ စပါး၊ မြေပဲ၊ နေကြာ၊ ပဲပုပ်၊ အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်းတို့ဖြစ်ပြီး မိသားစုစားဝတ်နေရေး အတွက် စားဖိုဆောင် သီးနှံများကိုလည်း တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)