မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားနှင့် နန်းမြေဘုံသာစံနန်းတော်ရာစန္ဒာမုနိဘုရား ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းသပိတ်လောင်းလှူပွဲသို့ တက်ရောက်ကြည်ညိုလောင်းလှူ

မန္တလေး အောက်တိုဘာ ၉

ရတနာပုံမန္တလေးမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင်ဘ၀ရှင် မင်းတုန်းမင်းတရားကြီး တည်ထားတော်မူခဲ့သည့် မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် နန်းမြေဘုံသာစံ နန်းတော်ရာ စန္ဒာမုနိဘုရား (၁၃၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် လေးပြင်လေးရပ်မှ ပင့်သံဃာ အပါး ၂၂၀၀ အား သံဃာ့ဒါနဆွမ်းသပိတ်လောင်းလှူပွဲ အခမ်းအနားကို အောက်တို ဘာလ ၈ ရက်နေ့နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်ရှိ မဟာလောကမာရဇိန် ကုသိုလ်တော် စေတီတော်ရင်ပြင်အင်္ဂါထောင့်နှင့်တောင်ဘက်စောင်းတန်းတို့တွင်ကျင်းပရာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဂေါပကဥက္ကဋ္ဌ သီဟသုဓမ္မမဏိ ဇောတဓရ ဦးကျော်ဝင်းနှင့်ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များနှင့်ဘုရားဖူးဧည့်ပရိသတ်များ တက်ရောက်ကြည်ညို လောင်းလှူခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာလောက မာရဇိန်ကုသိုလ်တော် ဘုရားအား ဖူးမြော်ကြည်ညိုပြီးနောက် ရင်ပြင်တော် အင်္ဂါထောင့်တွင်သံဃာ့ဒါန ဆွမ်းသပိတ်များ လောင်းလှူကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ အလှူရှင်များက လေးပြင် လေးရပ်မှ ပင့်သံဃာတော်များအား ဆွမ်းသပိတ်များ၊ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လောင်းလှူကြပြီး ရင်ပြင်တော်အင်္ဂါထောင့်နှင့် တောင်ဘက်စောင်းတန်းတို့တွင် လေးပြင် လေးရပ်မှ ပင့်သံဃာတော်များအား သံဃာ့ဒါနဆွမ်းသပိတ်များ လောင်းလှူနေမှုများကို လိုက်လံကြည့်ရှု ကြည်ညိုခဲ့ကြကြောင်သတင်းရရှိသည်။

မြင့်မော်ထွန်း