မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် “မန်းအောင်ဆွေလင်း” ဘော်လီဘောကလပ်ကွင်းသစ်ဖွင့်ပွဲနှင့် အဆင့်မြင့်အလွတ်တန်းဖိတ်ခေါ် အမျိုးသားဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မန္တလေး အောက်တိုဘာ ၉

မန္တလေးတိုင်းဒေသကြီး ဘော်လီဘောအားကစားဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ဘော်လီဘောလေ့ကျင့်ရေးကွင်း “မန်းအောင်ဆွေလင်း”ဘော်လီ ဘောကလပ်ကွင်းသစ်ဖွင့်ပွဲနှင့် အဆင့်မြင့်အလွတ်တန်းဖိတ်ခေါ် အမျိုးသားဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်းက အောင်မြေသာစံမြို့နယ် ၁၄ လမ်း၊ ၈၇ လမ်းနှင့် ၈၈ လမ်းကြားရှိ “မန်းအောင်ဆွေလင်း”ဘော်လီဘောကလပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊တိုင်းဒေသကြီး အားကစားနှင့်ကာယာပညာဦးစီးမှူး၊ ဘော်လီဘောမြန်မာ့လက်ရွေးစင် ကစားသမားဟောင်းကြီးများ၊ အုပ်ချုပ်သူ/နည်းပြများ၊ ပြိုင်ပွဲဝင်အသင်းများ၊ အားကစားဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ အခမ်း အနားကို ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဘော်လီဘောအားကစားနည်းသည် နေရာဒေသမရွေး ကစားနိုင်ပြီးအဖွဲ့လိုက် ကစားရသည့် အားကစားနည်း တစ်ခုဖြစ်ပါကြောင်း၊ဘောလုံးအားကစားပြီးပါက ဒုတိယလူကြိုက်များသည့် အားကစားလည်း ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများကိုကျင်းပပေးခြင်းဖြင့် ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင်ရွက် ပုံးသီးဘော်လီဘောအားကစားမျိုးဆက်သစ်များပေါ်ထွက်လာမည်ဖြစ်ပါကြောင်းပြောကြားသည်။

၎င်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်များ ရွတ်ဆိုကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ပြိုင်ပွဲဝင် အားကစားအသင်းအလိုက် လိုက်လံနှုတ်ဆက်၍ ပွဲဦးထွက် ကလပ်အသင်းနှစ်သင်းယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။

မြင့်မော်ထွန်း