မန္တလေး အောက်တိုဘာ ၉
ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်-မန္တလေးမှ စတုတ္ထနှစ် (၁/၂၀၂၅) သင်တန်း ဘွဲ့ရစာမေးပွဲအောင်မြင်ခဲ့ကြပြီး နိုင်ငံ့တာဝန်ထမ်းဆောင်ကြမည့်သူများအား နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်-မန္တလေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်-မန္တလေး ပါမောက္ခချုပ် (ပူးတွဲတာဝန်)၊ ပါမောက္ခဒေါက်တာခင်ဝင်းစိန်က ဆေးရုံများတွင် လုပ်ငန်းခွင် ဝင်ရောက်မည့်သူများအနေဖြင့် သိသင့်သိထိုက်သည်များကို မှာကြားပြီး မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၊ညွှန်ကြားရေးမှူး၊ ဒေါက်တာမျိုးသန့်ခိုင်က နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် စည်းကမ်းများကို မှာကြားသည်။
ထို့နောက် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်-မန္တလေး ပါမောက္ခချုပ်(ပူးတွဲတာဝန်)၊ ပါမောက္ခဒေါက်တာခင်ဝင်းစိန်နှင့်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူးကိုယ်စား ညွှန်ကြားရေးမှူး၊ ဒေါက်တာမျိုးသန့်ခိုင်နှင့် ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်စုနန္ဒာတို့က နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်လွှာများကို (၁)ဦးချင်းစီ ပေးအပ်ခဲ့ပါသည်။
ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်-မန္တလေးမှ စတုတ္ထနှစ် (၁/၂၀၂၅) သင်တန်း အောင်မြင်သည့် ဆေးဘက်ဆိုင်ရာ ခန္ဓာသန်စွမ်းမှုနည်းပညာ(၂၀)ဦး၊ ဆေးဘက်ဆိုင်ရာ ဓါတ်ခွဲ နည်းပညာ(၂၉)ဦးနှင့် ဆေးဘက်ဆိုင်ရာ ဓါတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာ (၂၆) ဦးတို့သည် နိုင်ငံ့ဝန်ထမ်းများအဖြစ် စတင်ထမ်းဆောင်ကြမည်ဖြစ်ကြောင်းသိရသည်။
မြင့်မော်ထွန်း