ရန်ကုန် အောက်တိုဘာ ၉
ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့က ကြီးမှူးကျင်းပသည့် (ဂိုဏ်းပေါင်းစုံ) သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်း ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီးရှိ တပ်မတော်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် သံဃနာယကနှင့် ဝိနည်ဓိုရ်သင်တန်းသြဝါဒါစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီး သံဃနာယက ဆရာတော်ကြီးများ၊ မြို့နယ်အသီးသီးမှ သံဃနာယက ဆရာတော်များနှင့် သင်တန်းသားဆရာတော်များ ကြွရောက်တော်မှုကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ)ဦးဇော်ဇော်ဦး၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးဇော်ဦးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သန်လျင်မင်းကျောင်း ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးက ဩဝါဒကထာ မိန့်ကြား တော်မူသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက သာသနာရေးဆိုင်ရာ လျှောက်ထား သည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးအမှူးပြုသော ဆရာတော် ကြီးများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ထံ သင်တန်းသား ဆရာတော်များအတွက် သင်တန်းဆိုင်ရာ သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများ စာအုပ်အစုံ (၅ဝဝ)ကို ကျေးဇူးတော်ရှင် ခမည်းတော်ကြီး ဦးအောင်သန်းနှင့် မယ်တော်ကြီး ဒေါ်စိန်ကြည်တို့အား ရည်စူး၍ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဓမ္မဒူတဒေါက်တာဘဒ္ဒန္တဆေကိန္ဒ(အဂ္ဂမဟာပဏ္ဍိတ)ကိုယ်စား အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ)ဦးဇော်ဇော်ဦးကလည်းကောင်း၊ သင်တန်းသား ဆရာတော်များအတွက် လှူဖွယ်ဝတ္ထုပစ္စည်းများကို ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ(ငြိမ်း)၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ နိုင်ငံတော်သမ္မတ၏ နိုင်ငံစွမ်းဆောင်ရည်ဆု၊ ဇေယျာလူမှုထူးချွန်ဆု၊ ကမ္ဘာ့ငြိမ်းချမ်းရေး စေတမန်ဆုရ၊ မူလဆယ်တောင်ပြည့်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဣဒ္ဓိဗလ (Ph.D Buddhism-UK. Thailand. India)ကိုယ်စား မေတ္တာပြည့်ဝနှလုံးလှပါရမီရှင်များအဖွဲ့ကလည်းကောင်း၊ သင်တန်းသား ဆရာတော်များအတွက် စာရေးကိရိယာများကို ရန်ကုန်တိုင်းဒေသကြီး သံဃနာယကဥပတ္ထမ္ဘကအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမြင့် (အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ) + ဒေါ်တင်တင်ကြည်(ခ)ဒေါ်ယမင်း၊ သား ကိုမင်းခန့်သော်၊ သမီး ဒေါက်တာ လမင်းအိန္ဒြေ၊ “MKT ဆောက်လုပ်ရေးကုမ္ပဏီ” မိသားစုကတို့က လည်းကောင်း ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဒွိပိဋကဓရ၊ တိပိဋကာလင်္ကာရစာသင်တိုက် ဦးစီးပဓါနနာယက ဆရာတော် ဘဒ္ဒန္တ အဂ္ဂသာမိက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားပြီး နိဂုံးချုပ် ဩဝါဒ ကထာမိန့်ကြားသည်။
ယင်းနောက် “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု" သုံးကြိမ် အဓိဌာန်ပြုဆုတောင်း၍ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား ဆရာတော် (၃၃၀) ပါးတို့ တက်ရောက်တော်မှုကြပြီး သင်တန်းကာလမှာ ယနေ့မှ အောက်တိုဘာ (၁၂)ရက်နေ့အထိ စုစုပေါင်း (၅) ရက်တိုင်တိုင် သင်တန်းပို့ချသွားမည်ဖြစ်ပြီး သင်တန်းဆင်း အောင်ပွဲအထိမ်းအမှတ်အဖြစ် အောက်တိုဘာ (၁၂)ရက်တွင် ဆရာတော်ကြီးများနှင့် သင်တန်းသား ဆရာတော်များ ဆွမ်းဆန်စိမ်း လောင်လှူသွားမည်ဖြစ်၍ အလှူရှင်များ လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)