ထားဝယ် အောက်တိုဘာ ၈
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအထောက်အကူ ဖြစ်စေရန် ပြည်သူလူထုအတွက်ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေးခြင်းဆိုင်ရာမြေစိုက်ပိုစတာများ စိုက်ထူဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အာဇာနည်လမ်း၊ မြင်းစီးကြေးရုပ် အနီး၊ အများပြည်သူမြင်သာသည့် နေရာတွင်ကျင်းပသည်။
အခမ်းအနားများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကော်မရှင်အရာရှိများ၊ လူမှုရေးအဖွဲ့များ၊ ဒေသခံပြည်သူများတက်ရောက်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းဝင်းတို့ကရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်သူလူထုအား ၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့”ဟု အသိပညာပေးနှိုးဆော် စာသားများ ပါဝင်သည့် မြေစိုက်ပိုစတာအားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
အဆိုပါ အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူပွဲသို့ တက်ရောက်လာသူများအား ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ကို ဖြန့်ဝေပေးသည်။
ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေးခြင်းဆိုင်ရာမြေစိုက်ပိုစတာများကို အာဇာနည်လမ်း၊ မြင်းစီးကြေးရုပ်အနီး၊ အဝေးပြေးကားလမ်း၊ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်း၊ ကမြောကင်းလမ်း၊ ဆန်းချီလမ်းဆုံ၊ အာဇာနည်လမ်းနှင့် ဦးကျော်ရင်လမ်းထောင့်၊ စည်ပင်သာယာ ဈေးကြီး အနီး နေရာများတွင် စိုက်ထူပေးထားသည့်အပြင် သက်ဆိုင်ရာခရိုင်/မြို့နယ်များရှိ အများပြည်သူမြင်သာသည့်နေရာများတွင် လည်းစိုက်ထူပေးထားကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)