တာချီလိတ် အောက်တိုဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းရန်နှင့် ပိုးလောက်လန်းပေါက်ပွားမှု မရှိစေရန် အဘိတ်ဆေးခတ်ခြင်း၊ ကျန်းမာရေးအသိပညာပေးဆောင်ရွက်ခြင်းကို အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းက ဝမ်လုံးကျေးရွာ ပလောင်အလုပ်သမားများနေထိုင်ရာ ရော်ဘာခြံအတွင်း ဒေသခံတောင်ပေါ်တိုင်းရင်းသား ပြည်သူများအား ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်သည်။
မယ်ယန်းကျန်းမာရေးဌာနအောက်ရှိ လွယ်စတုံကျေးလက်ကျန်းမာရေးဌာနခွဲ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးမှူး ဒေါ်ဗစ်တိုရီးယားက ကလေးသူငယ်များနှင့် ကျေးလက်ပြည်သူများအား ရာသီသွေးလွန်တုပ်ကွေးဖြစ်ပွားမှု လျော့နည်းကျဆင်းစေရန် သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် အခြေခံပညာမူလတန်းကျောင်း(ခွဲ) ဟွေခိုက် ကျောင်းဝင်းနှင့် ဝမ်လုံးကျေးရွာအနီး ရော်ဘာခြံအတွင်းရှိ ပလောင်တိုင်းရင်းသား အလုပ်သမားနေအိမ်များအတွင်း/အပြင် အသုံးပြုနေသော ရေတွင်း၊ ရေစည်၊ ရေကန်၊ ကျောက်စည်၊ ပန်းအိုးများနှင့် ရေဆိုးရေညစ်များရှိနိုင်သည့် နေရာများအတွင်း ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရန် ခြင်ဆေးမှုတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ကျန်းမာရေးဝန်ထမ်းများက ကျေးရွာအိမ်ထောင်စုအလိုက် ဆေးစိမ်ခြင်ထောင်များဖြန့်ဝေပေးပြီး ငှက်ဖျားရောဂါ သွေးဖောက်စစ်ဆေးခြင်း၊ လိုအပ်သောကျန်းမာရေး စောင့်ရှောက်ပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးအေးလတ် (ပြန်/ဆက်)