တာချီလိတ် အောက်တိုဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ ရွှေတိဂုံဘုရားစေတီတော်ကြီး၌ အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်ည(အဘိဓမ္မာအခါတော်နေ့)တွင် ဆီမီးကိုးထောင်ကပ်လှူပူဇော်ခြင်း၊ အလှမီးပုံးပျံလွှတ်တင်ခြင်းနှင့်မြို့လုံးကျွတ် စုပေါင်းမဟာစတုဒိသာ ကျွေးမွေးခြင်းတို့အား စည်ကားသိုက်မြိုက်စွာကျင်းပသည်။
ယင်းသို့ သီတင်းကျွတ်ပွဲတော်တွင် တာချီလိတ်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတင့်ဝေသုံနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်စွာမျိုးတို့၏ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်မိသားစုဝင်များ၊ ဝတ်အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ပရဟိတလူမှုကူညီရေးအသင်းများက ဒေသနေတိုင်းရင်းသားပြည်သူများနှင့်အတူ ဆီမီးကိုးထောင်ကပ်လှူပူဇော်ခြင်း၊ ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်ခြင်း၊ အလှမီးပုံးပျံများလွှတ်တင်ခြင်းနှင့် မြို့လုံးကျွတ်စုပေါင်း မဟာစတုဒိသာကျွေးမွေးခြင်းတို့ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကုသိုလ်ပြုခဲ့ကြသည်။
ရှေးအစဥ်အလာများစွာကပင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည်ခေတ်အဆက်ဆက် ဝါလကင်းလွတ် သီတင်းကျွတ်ချိန်ခါ ရောက်သည့်အခါတိုင်း မိမိတို့ဒေသရှိ တန်ခိုးကြီးဘုရားများ၊ စေတီပုထိုးများနှင့် ဆရာတော်ကြီးများ သီတင်းသုံးရာကျောင်းသင်္ခမ်းများသို့ သွားရောက်၍ ပန်း၊ ဆီမီး၊ လှူဖွယ်ဝတ္ထုအစုစုတို့ကိုပူဇော်ကန်တော့ကြခြင်းဖြင့် ကုသိုလ်ဒါနပြုကြလေ့ရှိသည်။ တိုင်းရင်းသားများအပါအဝင် ရိုးရာဘာသာမတူသော်လည်း မြို့နေလူဦးရေသုံးသိန်းကျော်နေထိုင်သော ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၏ ရွှေတိဂုံစေတီတော် (သီတင်းကျွတ်လပြည့်ည)သည် ပါဝင်ကုသိုလ်ပြုသူများဖြင့် အံ့မခန်းပင်အထူးစည်ကား များပြားခဲ့ကြောင်း သိရှိရသည်။
အေးအေးလတ် (ပြန်/ဆက်)