တန့်ယန်း အောက်တိုဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၁၃၈၇-ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ပုရိမဝါမှထတော်မူကြသော သံဃာတော် (၂၂၈)ပါး သံဃပဝါရဏာပြုတော်မူ၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးအား မဟာမြတ်မုနိဘုရားကြီး ဓမ္မဂုဏ်ရည်ကျောင်းတိုက်၌ မွန်းလွဲပိုင်းနှင့် ပျော်ပွဲရွှင်ပွဲများအား အောင်တော်မူစေတီတော်၌ ယမန်နေ့ ညပိုင်းတို့က ကျင်းပခဲ့ကြသည်။
ပုရိမဝါမှထတော်မူကြသော သံဃာတော် (၂၂၈)ပါး သံဃမဟာပဝါရဏာပြုတော်မူ၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးအား မြို့နယ်အဆင့်တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ပြည်သူများက ဆွမ်းဆန်တော်နှင့် လှူဒါန်းဖွယ်ရာများကို လောင်းလှူခဲ့ကြပြီး ညပိုင်းတွင် အောင်တော်မူစေတီတော်၌ ဆီမီးအမွှေးတိုင်များ ကပ်လှူပူဇော်ခြင်း၊ ဓမ္မစကြာရွတ်ဖတ်ပူဇော်ခြင်း၊ ရှမ်းရိုးရာ တိုးနယားကိန္နရီအကများ၊ တေးသံရှင်များ၏ သီဆိုတင်ဆက်မှုများဖြင့် ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယကို အေးချမ်းပျော်ရွှင် ချမ်းမြေ့စွာဖြင့် ဆင်နွှဲကျင်းပခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)