ကော့သောင်း အောက်တိုဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)အခါသမယ၌ သီတင်းကျွတ်မီးထွန်းပွဲတော်ကျင်းပခြင်း၊ မီးပုံးပျံ လွှတ်တင်ခြင်း၊ စေတနာရှင်မိသားစုတို့မှစတုဒိသာ ကျွေးမွေးခြင်းနှင့် နိဗ္ဗာန်ဈေးပွဲတော်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်မိနတ်သားနှင့် နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာတရားဟောကြားတော်မူပြီး ဝါတွင်းသုံးလကုန်ဆုံး၍ သီတင်းကျွတ်လပြည့်နေ့ညတွင် နတ်ဗြဟ္မာများဝန်းရံလျက် လူ့ပြည်သင်္ကဿနဂိုရ်မြို့သို့ ကြွဆင်းလာသည်ကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ဘုရားရှင်အား ကြိုဆိုဦးခိုက်ပူဇော်သောအားဖြင့် သီတင်းကျွတ်လဆန်း (၁၄)ရက်၊ လပြည့်နေ့နှင့် လပြည့်ကျော်(၁)ရက်နေ့ (၃)ရက်တိုင်ဘုရား၊ စေတီများ၊ အိမ်များ၊ လမ်းများတွင် ဆီမီးများ၊ ရောင်စုံအလှ မီးသီး၊ မီးချောင်းဖြင့် မြို့ရွာရပ်ကွက်အလိုက် ဆီမီးပူဇော်ပွဲနှင့် မီးထွန်းပွဲများ၊ မီးပုံးလွတ်ခြင်းတို့ကို ကျင်းပပြုလုပ်ကြပြီး ရပ်ကွက်၊ ကျေးရွာအလိုက် အသင်းအဖွဲ့များ၊ စေတနာရှင်မိသားစုများမှ မဏ္ဍပ်များဖြင့် စတုဒိသာကျွေးမွေးခြင်း၊ ဘုရား စေတီပုထိုးများသို့ ဘုရားဖူးလာရောက်ကြသူများအား စတုဒိသာဖြင့် အလှူဒါနပြုခြင်း၊ ရပ်ကွက်လမ်းဆုံများ၌ နိဗ္ဗာန်ဈေးပွဲတော်များ ကျင်းပခြင်းဖြင့် သီတင်းကျွတ်ပွဲတော်ကို ပျော်ရွင်စွာ ဆင်နွဲခဲ့ကြကြောင်းသိရသည်။
ရူပါမြင့်