ကာလိ အောက်တိုဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပြည်ထောင်စုလမ်း ကာလိလမ်းပိုင်းမြို့တွင်း လမ်း တလျှောက်၌ ယနေ့ နံနက်(၆:၃၀) နာရီအချိန်က စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဘုရားအမှုပြု၍ ကာလိမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်(၄၅၀)ပါး ကြွရောက်အလှူခံတော်မူခဲ့ပြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်သူနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ မြို့သူ/မြို့သားများ၊ ဈေးသူ/ ဈေးသားများနှင့် စေတနာရှင်အလှူရှင်များက ဆွမ်းဆန် တော်၊ ဝတ္ထုငွေများ၊ ဆီ၊ ဆား၊ ဆေး၊ ဆပ်ပြာ၊ အချိုရည်၊ ဖယောင်းတိုင်၊ အမွှေးတိုင် စသည့် လှူဖွယ်ပစ္စည်းများကို လောင်းလှူပူဇော်ခဲ့ကြသည်။
ထိုသို့ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲတွင် ဆရာတော်အရှင်သူမြတ်များ အေးချမ်းစွာအလှူခံကြွရောက်တော်မူနိုင်ရန် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကုသိုလ်ပြု လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကာလိ(ပြန်/ဆက်)