နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်

နေပြည်တော် အောက်တိုဘာ ၆

၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ သီရိမင်္ဂလာခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌများ၊ ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့် ဆရာ/ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြတ်ဆရာ”သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ကြသည်။

ယင်းနောက်  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို ဖတ်ကြားသည်။

ထို့နောက် နေပြည်တော်ပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်က ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၅) ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များမှ ပေးပို့သော စုပေါင်းသဝဏ်လွှာကို ဖတ်ကြား သည်။

ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “အာစရိယဂုဏော အနန္တော” သီချင်းဖြင့် ဖျော်ဖြေကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက ၂ဝ၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာ အထက်တန်းဆင့်၊  အလယ်တန်းဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား  ဆုများအသီးသီးချီးမြှင့်ကြပြီး ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တက်ရောက်လာကြသည့် ပညာရေးမှူးများ၊ ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများနှင့် ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ယင်းနောက် ‌နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒက္ခိဏသီရိမြို့နယ်၊  ရာဇသင်္ဂဟလမ်းမကြီး လမ်းဘေးဝဲ/ယာတွင် သန့်ရှင်းသာယာလှပစေရေးအတွက် ချုံနွယ်များ ရှင်းလင်းခြင်း၊ နှစ်ရှည်ပင်များ အလင်းဖွင့်ခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများအတွင်း အမှိုက်များရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များအား လမ်းဘေး ဝဲ/ယာ သန့်ရှင်းသာယာလှပရေးနှင့် လမ်းဥပဓိရုပ်ကောင်းမွန်‌စေရန်အတွက် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းဆောင်ရွက်ရေး၊ လမ်းဘေးရေမြောင်းများ အမှိုက်ပိတ်စို့မှုမရှိစေရေးအတွက် အမှိုက်များစနစ်တကျစွန့်ပစ်ရေး၊ ရေစီးရေလာကောင်းမွန်အောင်ဆောင်ရွက်ရေး၊ လမ်းဘေး ဝဲ/ယာ ပန်းအလှပင်များစိုက်ပျိုးရေးတို့ကို မှာကြားခဲ့‌ကြောင်းသိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)