ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်

မြစ်ကြီးနား     အောက်တိုဘာ  ၆

“ပညာရပ်များပေါင်းစုဖွဲ့လို့ သင်ကြားရေးအသွင်သစ်ကို ဖော်ဆောင်စို့” ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့လာသည့်သဝဏ်လွှာကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဖတ်ကြားသည်။

ထို့နောက် မြစ်ကြီးနားမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက “ခိုင်မာလာနှင်းဆီ” သီချင်းဖြင့် ကပြဖျော်ဖြေမှု၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် နိုင်ငံ‌တော်အဆင့် ထူးချွန်ဆရာ ဆုရရှိသော အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်ရှန်၏ လုပ်ငန်းစွမ်းဆောင်မှု မှတ်တမ်း ဗီဒီယိုကလစ်အား ဖွင့်လှစ်ပြသမှုတို့ကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ၊  တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးအများဆုံးရရှိအောင် သင်ကြားပေးသောကျောင်းများနှင့် အောင်ချက်အကောင်းဆုံး‌ကျောင်းများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ အငြိမ်းစားဆရာ/ ဆရာမကြီးများအတွက် ဂါရဝပြုလှူဒါန်းငွေကျပ်သိန်း(၅၀)နှင့် ဖျော်ဖြေ တင်ဆက်ကြသော ကျောင်းသား/ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို  ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ပူဇော်ကန်တော့ခံ အငြိမ်းစားဆရာကြီး/ ဆရာမကြီးများအား ငွေသားနှင့် လက်‌ဆောင်ပစ္စည်းများကို  ဂါရဝပြုပေးအပ်ရာ  ဆရာကြီး/ ဆရာမကြီးများကိုယ်စား အငြိမ်းစားဆရာမကြီး ဒေါ်ခင်သန်းနွဲ့က ကျေးဇူးတင် ဆုတောင်းမေတ္တာ ပို့သစကား  ပြောကြားခဲ့ပြီး အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက တိုင်းရင်းသားရိုးရာ တေးသီချင်းသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှု ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)