ကျောက်ဆည် အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရိုးရာဆင်လှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ရွှေသာလျောင်းတောင်ခြေ ဆင်အကအလှပြိုင်ကွင်းဗဟိုမဏ္ဍတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည် တပ်နယ်မှူး ဗိုလ်မှူးချုပ်တိုးမြင့်ကျော်၊ တပ်မတော်အဆင့်မြင့်နည်းပညာသုံး ဆက်သွယ်ရေးနှင့် အီလက်ထရောနစ် ပစ္စည်းများထုတ်လုပ်ရေး သုတေသနဌာနချုပ်မှ ဗိုလ်မှူးချုပ် မင်းနိုင်ဝင်း၊ ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်သူ၊ ကျောက်ဆည်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်၊ ကျောက်ဆည် အသင်း(ရန်ကုန်)ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်မှူးကြီးမျိုးမြင့်၊ မြို့မိ၊မြို့ဖ ဦးကျော်ထူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲဝင်ဆင်များမှ အောင်စေ၊ပိုင်စေ သီချင်းဖြင့်ဧည့်ခံဖျော်ဖြေခဲ့ပြီး ကျောက်ဆည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဧည့်သည်တော်များအား ဆင်အကအလှပြိုင်ပွဲ အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်ဆင်များမှ မြန်မာပြည်သား သီချင်းဖြင့် သီဆိုကပြကာ ဆင်ပြိုင်ကွင်းမှ ပြန်လည်ထွက်ခွာခဲ့ပြီး ဇော်ဂျီမောင် ဧည့်ခံဆင်အဖွဲ့မှ ဆင်အကအလှ စွမ်းရည်များဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရသည်။
ထို့နောက် ဆင်အကအလှပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ဧည့်ခံဆင်(၁)စီး၊ ဂုဏ်ပြုဆင်(၂)စီး၊ သက်ကြီးဆင်(၄)စီး၊ ပြိုင်ပွဲဝင်ဆင်(၁၄)စီး၊ မြို့မဈေးပတ်ဆင်(၆၂)စီး၊ စုစုပေါင်း(၈၃)စီး ပါဝင် ခဲ့ကြောင်းနှင့်ပြိုင်ပွဲများပြုလုပ်ရာ၌ ရိုးရာ(လူကြီးဆင်)၊ ရိုးရာ(ကလေးဆင်)၊ ဘော်ကြယ်ဆင်၊ သဘာဝတီထွင်ဆန်းသစ်မှုဆင်စသည့် ပြိုင်ပွဲ(၄)မျိုးကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲများအလိုက် ဆုရရှိခဲ့ သည့် ဆင်များအား ဂုဏ်ပြုဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်