ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ဓမ္မစကြာရွတ်ဆို ပြိုင်ပွဲကျင်းပ

ပုဗ္ဗသီရိ အောက်တိုဘာ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားလူငယ်များအနေဖြင့် ဘာသာတရားရိုသေကိုင်းရှိုင်းပြီး နူးညံ့သိမ်မွေ့ယဉ်ကျေးသော ကျောင်းသားလူငယ်များဖြစ်လာကြစေရန်၊ အမျိုးဘာသာသာသနာ ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ဓမ္မစကြာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်၈နာရီချိန်က အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်း ဘုရားခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့် ဘာသာတရားကို အလေးထားပြီး လူကြီးမိဘ၊ ဆရာသမားများ၏ ပြောဆိုသွန်သင်ဆိုဆုံးမမှုကို နာခံလိုက်နာတတ်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ဓမ္မာစကြာပါဠိတော်စာသား၏ အနက်အဓိပ္ပာယ်နှင့် အကျိုးကျေးဇူးများ တရားဦးအကြောင်းအရာများကို သိရှိနားလည်နိုင်စေရန်အတွက် အခြေခံပညာ အထက်တန်းအဆင့်၊အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စုစုပေါင်း ကျောင်းသား ကျောင်းသူ (၁၂၀)ဦးတို့က အဖွဲ့(၄)ဖွဲ့ခွဲ၍ ဓမ္မစကြာရွတ်ဆိုပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းနွမ်ခမ်းထံမှ သိရသည်။

နန်းရွှေရတီ (ပြန်/ဆက်)