နေပြည်တော် အောက်တိုဘာ ၅
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းဘေး၊ စစ်တောင်းလမ်းလမ်းဘေး ဝဲ/ယာ သန့်ရှင်းသာယာ လှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ လူထုများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆန်နှင့် စားသုံးဆီများ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပုဗ္ဗသီရိမြို့နယ်ရှိ (သပြေကုန်းအဝိုင်း နှင့်ကုမုဒြာကြာပန်းအဝိုင်းကြား) လမ်းဘေးဝဲ/ယာနှင့် လမ်းလယ်ကျွန်းများတွင် သန့်ရှင်းသာယာ လှပစေရေးအတွက် ချုံနွယ်များရှင်းလင်းခြင်း၊ နှစ်ရှည်ပင်များ အလင်းဖွင့်ခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများအတွင်း အမှိုက်များရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက် နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လမ်းဘေး ဝဲ/ယာ သန့်ရှင်း သာယာလှပရေးနှင့် လမ်းဥပဓိရုပ်ကောင်းမွန်စေရန်အတွက် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်း ဆောင်ရွက်ရေး၊ လမ်းဘေးရေမြောင်းများ အမှိုက်ပိတ်စို့မှုမရှိစေရေးအတွက် အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး၊ ရေစီးရေလာကောင်းမွန်အောင်ဆောင်ရွက်ရေး၊ လမ်းဘေး ဝဲ/ယာ ပန်းအလှပင်များ စိုက်ပျိုးရေးတို့ကို မှာကြားသည်။
အလားတူ နေပြည်တော်တစ်ဝန်း ပတ်ဝန်းကျင်သန့်ရှင်းရေးသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ကျန်ရှိသည့် မြို့နယ်များတွင်လည်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ် စနေ့နေ့တိုင်း အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာ ကျေးရွာ၊ လူထုခန်းမ၌ကျင်းပသည့်သီးနှံများ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး နည်းပညာပေး ဆွေးနွေးပွဲကို တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သီးနှံများ မိုး၊ ဆောင်း၊ နွေရာသီပြည့် စိုက်ပျိုးစေရေး၊ သီးထပ်စွမ်းအား မြင့်မားစေရေး၊ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးစေရေး၊ စိုက်ပျိုးမြေပြင်ရာတွင် သဘာဝမြေဩဇာကို ပိုမိုအသုံးပြုစေရေး၊ စိုက်ပျိုးရေရရှိစေရန် နည်းလမ်းမျိုးစုံ အသုံးပြုဆောင်ရွက်ရေး၊ သဘာဝမြေဩဇာများကို တောင်သူများကိုယ်တိုင်ပြုလုပ် သုံးစွဲရေး၊ သီးနှံအထွက်တိုးစေရန် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျ စိုက်ပျိုးစေရေး၊ စားသုံးဆီဖှုလှုံမှုရှိစေရန် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးစေရေး၊ ပလပ်မြေမရှိစေရန် ကွက်ပြည့်စိုက်ပျိုးထားရှိစေရေး၊ သီးနှံများဓာတု ဓာတ်ကြွင်းကင်းစင်စေရေး အလေးထားဆောင်ရွက်ရန်၊ မွေးမြူရေးနှင့်စပ်လျဉ်း၍ ဥစားကြက်၊ ဘဲနှင့် အသားကဏ္ဍအတွက် ကြက်၊ ဝက်၊ ဘဲ၊ အသားတိုးနွားများ တိုးချဲ့မွေးမြူစေရေးတို့ကို မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေကြာမျိုးစေ့များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များက ပုလဲဓာတ်မြေဩဇာ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များကို လည်းကောင်း တောင်သူများထံပေးအပ်ခဲ့ပြီး တောင်သူများ၏တင်ပြချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် သစ်တပ်ကျေးရွာအရှေ့ကျောက် ရော မြေသားလမ်းခင်းကျင်းနေမှု အခြေအနေများနှင့် လမ်းဘေး ဝဲ/ယာ ရေစီး၊ ရေလာကောင်းမွန်စေ ရေး ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လမ်းပိုင်းများ အမြန်ဆုံးပြီးစီးစေရန် လူအင်အား၊ စက်ယန္တရားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းအဆင့်ဆင့်ကို သတ်မှတ်အချိန် အတွင်းပြီးစီး စေရန်နှင့်အရည်အသွေးစံချိန်၊ စံညွှန်းများ ကိုက်ညီမှုရှိစေရန် စစ်ဆေးဆောင်ရွက်ရေး၊ ရေရှည်တည်တံ့မှုရှိစေရန် ပြုပြင်ထိန်းသိမ်းရေး စီမံချက်များရေးဆွဲထားစေရေး မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာပေး(KC)ခန်းမတွင် ကျင်းပပြုလုပ်သည့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးဆွေးနွေးပွဲကို တက်ရောက်သည်။
ဦးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စပါးအပါအဝင် ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ရရှိရေး၊ အသားကဏ္ဍ ဖူလှုံမှုရှိစေရေး ဆွေးနွေးမှာကြားပြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက သီးနှံများစိုက်ပျိုးနည်းစနစ်တကျဖြစ်စေရေး နည်းလမ်းများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေကြာမျိုးစေ့(ရေဆင်းစပ်မျိုးနေကြာ-၁)များ၊ ဓာတ်မြေဩဇာများ၊ စပါးမျိုးများကို တောင်သူများထံ ပေးအပ်ခဲ့ပြီး တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပုဗ္ဗသီရိမြို့နယ်၊ သံလွင်လမ်းသို့ သွားရောက်ပြီး လက်တွန်းအပူ ပလတ်စတစ်လိုင်းအမှတ်အသားစက်ဖြင့် လမ်းလိုင်းအမှတ်အသား ဆေးသုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များအား လိုအပ်သည်များမှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာသင်ကျောင်းများ အဆင့်မြှင့်တင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အဆိုပါနိုင်ငံ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာမူတည်နေသည့်အတွက် နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဆိုသည့် ဆောင်ပုဒ်ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍကို မြှင့်တင်ပေးလျက်ရှိသကဲ့သို့ မိဘများ ဆရာ၊ ဆရာမများကလည်း မိမိတို့၏ သားသမီးများ၊ တပည့်များကို ပညာတတ် လူတော်၊ လူကောင်း များဖြစ်အောင်သွန်သင်ဆုံးမ လေ့ကျင့်သင်ကြား ပေးကြရန်၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း မိဘဆရာများ၏ သွန်သင်ပြသမှုများကို နာယူမှတ်သားပြီး အသိပညာ၊ အတတ်ပညာပြည့်ဝကာ ဘက်ပေါင်းစုံတွင် ထူးချွန်ထက်မြက်၍ နိုင်ငံအတွက် အားကိုးအားထား ပြုနိုင်သည့် သားကောင်းရတနာများဖြစ်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း၊ စာသင်ကျောင်းများကို ကျောင်းအင်္ဂါရပ်နှင့်အညီ ပြည့်စုံအောင် ပြုလုပ်ပေးရန်နှင့် ဆရာ/ဆရာမများ၏ နေထိုင်ရေးနှင့် စားသောက်ရေးတို့ကိုလည်း တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးရမည့်အပြင် ကျောင်းများနှင့်ပညာရေးစနစ်များကို ထဲထဲဝင်ဝင် လိုက်လံကြည့်ရှု ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏အနာဂတ် တိုးတက်ကောင်းမွန်ရေးအတွက် အသိပညာ၊ အတတ်ပညာပြည့်ဝသည့် လူသားအရင်းမြစ်ကောင်းများ ပေါ်ထွက်လာစေရန် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ထိုက်ထိုက်တန်တန် နှစ်စဉ်ချီးမြှင့် ဂုဏ်ပြုပေးလျက်ကြောင်း၊ နိုင်ငံသားတိုင်း အတန်းပညာများရရှိစေရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ပြီး တန်းစဉ်ကူးပြောင်းမှုများ မြင့်မားရေးနှင့်ကဏ္ဍစုံတွင် ထူးချွန်ထက်မြက်သော နိုင်ငံသားကောင်းများ ပေါ်ထွန်းလာစေရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)