ညောင်ရွှေ အောက်တိုဘာ ၅
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော အင်းလေးဒေသအတွင်းရှိနေအိမ်များ ပြန်လည်ပြုပြင်နိုင်ရေးအတွက် အမျိုးသားသဘာဝဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ပစ္စည်းဖိုးငွေများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ညောင်ရွှေမြို့နယ် ကေလာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့က မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသအတွင်းရှိနေအိမ်များ ပြန်လည်ပြုပြင်နိုင်ရေးအတွက် ပစ္စည်းဖိုးငွေများ ထောက်ပံ့ ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။ ထို့နောက်ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက နေအိမ်များထိခိုက်ပျက်စီးခဲ့သည့် ဒေသခံပြည်သူများသို့ ပစ္စည်းဖိုးငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးများသည် အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား ရတနာ စံကျောင်းတော်သို့သွားရောက်ပြီး ရတနာစံကျောင်းတော်ရှိ ဖောင်တော်ဦးရုပ်ရှင်တော် မြတ်စွာ ဘုရားအား ပန်း၊ ရေချမ်းဆက်ကပ်လှူဒါန်း၍ ရတနာစံကျောင်းတော် ပြုပြင်ပြီးစီးမှုများကို ကြည့်ရှု စစ်ဆေးခဲ့သည်။ ထို့နောက်အင်းလေးဟိုတယ်ဇုန်စက်လှေဆိပ်၌ မြေယာရှုခင်းအလှ ဆောင်ရွက်နေမှုနှင့် အေးသာယာ-ညောင်ရွှေ-မိုင်းသောက်-နမ့်ပန်-တုံဟုံး-ပင်လောင်းလမ်း ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)