ညောင်ဦး အောက်တိုဘာ ၅
၂၀၁၆ ခုနှစ်ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသော ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံ (၇၂)ဆူအား အဆောက်အအုံပိုင်းဆိုင်ရာ ကြံ့ခိုင်ထိန်းသိမ်းခြင်းနှင့် နံရံပန်းချီနှင့်အင်္ဂတေပန်းတော့ဆိုင်ရာ ကြံ့ခိုင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို အိန္ဒိယနိုင်ငံအစိုးရထောက်ပံ့မှုများဖြင့် Archaeology Survey of India (ASI)အဖွဲ့က ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲနှင့်ပူးပေါင်း၍ ၂၀၂၀ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ပထမအဆင့် (၁၁)ဆူ လုပ်ငန်းအားဖြင့် ၂၂ ခုကို ရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်ရာ အောက်တိုဘာ ၃ ရက်၊ နေ့ခင်း ၂ နာရီခွဲအချိန်တွင် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးစီမံကိန်းပုဂံဒေသရှိငလျင်ဒဏ်သင့်ဘုရားပုထိုးများ အဆောက်အဦထိန်းသိမ်းခြင်းနှင့် ဓာတုဗေဒနည်းဖြင့်ထိန်းသိမ်းမှု(ဒုတိယအဆင့်)ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ယခုအခါ ဒုတိယအဆင့်အနေဖြင့် ၂၀၂၅ ခုနစ်မှ ၂၀၂၈ ခုနစ်အထိရှေးဟောင်း ဘုရား (၅၀) ဆူကို အဆောက်အအုံပိုင်းဆိုင်ရာ ကြံ့ခိုင်ထိန်းသိမ်းခြင်းနှင့် နံရံပန်းချီနှင့်အင်္ဂတေပန်းတော့ဆိုင်ရာ ကြံ့ခိုင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အဆိုပါ ရှေးဟောင်းအဆောက်အအုံ ၅၀ ဆူအနက် ၂၀၂၅-၂၀၂၆ ခုနစ်အတွင်း ရှေးဟောင်း အဆောက်အအုံ ၁၅ ဆူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒုတိယအဆင့်လုပ်ငန်းစတင်ဆောင်ရွက်မှု ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၃ ရက်နေ့ ၂ နာရီခွဲအချိန်တွင် ရှေးဟောင်းအဆောက်အအုံအမှတ် ၁၆၇၀ (မဟာဗောဓိဘုရား)၌ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တို့ဉီးဆောင်၍ အိန္ဒိယသံရုံး အမြဲတမ်းအတွင်းဝန်နှင့်ဧည့်သည်တော်များ၊ ဌာနဆိုင်ရာများ တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အိန္ဒိယသံရုံးအမြဲတမ်းအ တွင်းဝန်နှင့် ဧည့်သည်တော်များ၊ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း