ပြင်ဦးလွင် အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေချေးငွေ ပေးအပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြင်ဦးလွင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်စိုးဦးက စိုက်ပျိုးကဏ္ဍ ချေးငွေနှင့်ပတ်သတ်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြင်ဦးလွင်မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေချေးငွေများအား တောင်သူများလက်ဝယ်သို့ အသီးသီးပေးအပ်ခဲ့ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေချေးငွေဖြင့် စပါးသီးနှံ၊ ဂျုံသီးနှံနှင့် မက်မန်းသီးနှံတို့အတွက် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၅)အုပ်စု၊ ကျေးရွာ (၃၁)ရွာ၊ တောင်သူ (၆၈၄) ဦး၊ စိုက်ဧက (၃၂၁၀)ဧကနှင့် ချေးငွေ (၆၄၂) သန်းတို့အား စနစ်တကျ ထုတ်ပေးသွားခြင်းဖြစ်ပါကြောင်း တာ၀န်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)