ကျောက်ဆည် အောက်တိုဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် အောက်တိုဘာ(၄)ရက် နံနက် (၁၀)နာရီက ကျောက်ဆည်အသင်း(ရန်ကုန်)မှ ၂၀၂၄-၂၀၂၅ ခု ပညာသင်နှစ် ကျောက်ဆည်ခရိုင်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ကျောင်သား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က ကျောင်းသား/ကျောင်းသူများ အနာဂတ်တိုးတက်ဖို့ ကြိုးစားသွားကြရန်နှင့် ကျောက်ဆည်အသင်း (ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ကျောက်ဆည်ခရိုင်တွင် ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူ(၅၇၂)ဦး ပေါ်ထွက်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ မိမိဒေသဂုဏ်ဆောင်သူများ ဖြစ်စေရေး ကြိုးစားသွားကြရန် အမှာစကားပြောကြားခဲ့ပြီး ဆင်ပွဲတော်နှင့် ရွှေသာလျောင်းဘုရား၊ ရွှေစေတီ ဘိုးဘွားရိပ်သာများသို့ အလှူငွေ(၁၅၀)သိန်းကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျောက်ဆည်အသင်း(ရန်ကုန်)မှ ဥက္ကဌဦးမျိုးမြင့်နှင့်အဖွဲ့ဝင်များ၊ ကျောက်ဆည်ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့က ကျောက်ဆည်ခရိုင်အတွင်း ၂၀၂၄-၂၀၂၅ ခု ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း၌ (၅)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူ(၅)ဦး၊ (၄)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူ(၂၁)ဦး၊ (၃)ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူ(၁၂၁)ဦးနှင့် (၂)ဘာသာ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူ(၁၅၅)ဦး၊ (၁)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော (၂၇၀)ဦးတို့အား ဂုဏ်ပြုငွေနှင့်ဂုဏ်ပြုကဒ်ချီးမြှင့်ခဲ့ရာ ကျောင်းသား/ကျောင်းသူများကိုယ်စား ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်နှင့် (၅)ဘာသာဂုဏ်ထူးရှင် မောင်နိုင်မင်းဦး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)