ပုဗ္ဗသီရိ အောက်တိုဘာ ၄
နေပြည်တော်ကောင်စီဝင်ဦးမင်းဦးသည် ယမန်နေ့ ညနေပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်တာဝန်ရှိသူများ လိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စု၊ ပင်လောင်းလမ်းဘေးရှိ ပေါ်ဆန်းမွှေးမျိုးစပါး ယှဉ်ပြိုင်စိုက်ပျိုးထားမှု၊ ပေါ်ဆန်းရင်စပါး အောင်မြင်ဖြစ်ထွန်းနေမှုနှင့် သဘာဝမြေဩဇာ ပြုလုပ်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် ဘဲကုန်းကျေးရွာ လယ်မြေငါးဧကပေါ်တွင် ပေါ်ဆန်းမွှေးမျိုးစပါး ယှဉ်ပြိုင်စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ပေါ်ဆန်းမွှေးမျိုးစပါး ယှဉ်ပြိုင်စိုက်ပျိုးထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြီး နေပြည်တော်ကောင်စီဝင်က တောင်သူများအား အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းကောင်းမွန်သည့် ပေါ်ဆန်းမွှေးစပါးများ စိုက်ပျိုးနိုင်ရေး၊ တောင်သူများအနေဖြင့် တစ်ကွင်းတစ်ဆက်တည်း ဧကများစွာ စိုက်ပျိုးကာ ဈေးကွက်ဝင်တန်ဖိုးမြှင့်စပါးများအား ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးထုတ်လုပ်သွားကြစေလိုကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင်လည်း ပိုးသတ်ဆေးအား စနစ်တကျသုံးစွဲသွားရန်နှင့် မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရန်အတွက် သဘာဝမြေဩဇာများအား ကိုယ်တိုင်ပြုလုပ်သုံးစွဲသွားရန် ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် ဘဲကုန်းကျေးရွာရှိ ပင်လောင်းလမ်းမကြီးဘေး၌ တောင်သူဦးမြဦးစိုက်ပျိုးထားသည့် ပေါ်ဆန်းရင်စပါး အောင်မြင်ဖြစ်ထွန်းနေမှုနှင့် တောင်သူများကိုယ်တိုင် မြေပဲရိုး၊ နှမ်းရိုးတို့ဖြင့် သဘာဝမြေဩဇာကိုယ်တိုင်ပြုလုပ်သုံးစွဲထားရှိမှုအား ကြည့်ရှုအားပေးပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊။
အောင်ကို(ပုဗ္ဗသီရိ)