နေပြည်တော် အောက်တိုဘာ ၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများသို့သွားရောက်ပြီး ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့မှ အခြေခံ မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ် ကပ်ထားကြေညာထားရှိမှု၊ ဒေသခံပြည်သူများမှ မဲစာရင်းများ လာရောက်ကြည့်ရှုရာတွင် လွယ်ကူအဆင်ပြေစေရေး ကူညီဆောင်ရွက်ပေးနေမှု၊ မဲစာရင်းလာရောက် ကြည့်ရှုရာတွင် မိမိအမည် မဲစာရင်းတွင်မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်း တောင်းဆိုနိုင်ရေး၊ မဲစာရင်းတွင် မပါဝင်သင့်သူများတွေ့ရှိပါက ပုံစံ(၄) ဖြင့် ကန့်ကွက်နိုင်ရေး၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါကပုံစံ(၄-၈)ဖြင့် ပြင်ဆင်လွှာတင်သွင်းနိုင်ရေးတို့အတွက် သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲရုံးများမှလိုအပ်သောပုံစံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲစာရင်းလာရောက်ကြည့်ရှုနိုင်ရေး တိုက်တွန်းနှိုးဆော်ပေးကြရန်၊ မဲစာရင်းလာရောက် ကြည့်ရှုသူများ အနှောင့်အယှက်ကင်းစွာဖြင့် စိတ်အေးချမ်းသာစွာကြည့်ရှုနိုင်ရေး တာဝန်ရှိသူများက စီမံဆောင်ရွက် ပေးကြရန်၊ မဲစာရင်းဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများဆောင်ရွက်ပြီးပါက ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် နောက်ဆုံးအကြိမ် ထပ်မံကပ်ထားကြေညာမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများက လိုအပ်သောတောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများဆောင်ရွက်နိုင်ရန် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးလူတစ်ဦး မဲစာရင်းလာရောက်ကြည့်ရှုနိုင်ရေးနှိုးဆော်ပေးကြရန်၊ ရုံးပတ်ဝန်းကျင် သန့်ရှင်း သာယာလှပစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ ဗောဒိကုန်းလမ်းဆုံအနီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများပြန်လည်ပြုပြင်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ရန်အောင်မြင်ဆည်သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ပင်မတမံနှင့် ကုန်းကြောတမံများ ပြန်လည်ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများအား ရာသီဥတုကောင်းမွန်ချိန်တွင် လူအင်အား၊ စက်ယန္တရား အင်အားတိုးမြှင့်ပြီး အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)သို့ သွားရောက်၍ ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်းအားတိုးမြှင့်ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသော ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင်အသုံးပြုရေး၊ ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရာယ်များ ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်ဆောင်ရွက်ရေးတို့ကို မှာကြား ခဲ့ကြောင်း သိရသည်။
အောင်သူရဦး (ဒက္ခိဏ)