လယ်ဝေး အောက်တိုဘာ ၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ် ကြေညာထားရှိမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် လယ်ဝေးမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နှင့် အမှတ်(၁) ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်ပြီး အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ်အဖြစ် ကပ်ထားကြေညာရာတွင် ရပ်ကွက်ပြည်သူများ လာရောက်ကြည့်ရှုနေမှုအား သွားရောက်တွေ့ဆုံအားပေးကာ မြို့နယ် တာဝန် ရှိသူများကို ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားရန်၊ ကပ်ထားကြေငြာထားသည့် မဲစာရင်းများကိုလည်း ပြည်သူများသိရှိစေရေး ဆောင်ရွက်သွားရန်နှင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။
လယ်ဝေးမြို့နယ်အနေဖြင့် မဲရုံစုစုပေါင်း ၁၅၁ ရုံ၊ ပထမအကြိမ်ကပ်ထားကြေညာသည့် မဲစာရင်း တွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေ ၂၂၈၈၀၉ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ်( ပြန်/ဆက်)