လယ်ဝေး အောက်တိုဘာ ၄
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်း ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုများ၊ တံတားချဉ်းကပ်လမ်း ပျက်စီးမှုများအား ဒေသခံများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြင်ဆင် ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု အားပေးသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် သစ်ပုတ်ပင်ကျေးရွာ၌ ပလွေးချောင်းရေမြင့်တက်၍ ချောင်းကမ်းပါးတိုက်စားမှုများအား ကျေးရွာသူ၊ ရွာသားများ၊ လမ်းကြီးကြပ် (နေပြည်တော်)၊ မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လျှပ်စစ်၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ စုပေါင်း၍ ချောင်းကမ်းပါးအား သဲအိတ်များဖြင့်ကာရံခြင်း စက်ယန္တရား ဖြင့်ရေလမ်းကြောင်းပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်းကို ကြည့်ရှုအားပေးကာ ရေသန့်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်သည် ရွှာသစ်-အောင်မြင်ကုန်းချောင်းကူးတံတား ချဉ်းကပ်လမ်း ရေတိုက်စားခြင်းကို ကျေးလက်လမ်း၊ မီးသတ်၊ ကျေးရွာသူ၊ ကျေးရွာသားများက သဲအိတ်များဖြင့် ချောင်းအား ယာယီဖြတ်ကူးရန် ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ ရေသန့်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်မှု လွယ်ကူမြန်ဆန်စေရေး၊ ကုန်စည်စီးဆင်းမှု ချောမွေ့စေရေးတို့အတွက် ဒေသခံများနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အမြန်သွားလာနိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ လယ်ဝေးမြို့နယ်အတွင်း ရာသီဥတုကြောင့် ပျက်စီးသွားသော လယ်ဧကများ ပြန်လည်ကုစား အစားထိုးစိုက်ပျိုးရေး၊ ဆောင်းသီးနှံ ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့များနှင့် တွေ့ဆုံဆွေနွေးသည်။ ထိုသို့တွေ့ဆုံ ဆွေးနွေးရာတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ မိုးသီးနှံအပြီး ဆောင်းသီးနှံများကို ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး၊ မိုးသီးနှံရိတ်သိမ်းမှုအပေါ် လေလွင့်ဆုံးရှုံးမှု နည်းအောင်ဆောင်ရွက်ရေး၊ စိုက်ပျိုးမြေများ စနစ်တကျပြုပြင်နိုင်ရေး၊ ပလပ်မြေမရှိအောင် စိုက်ပျိုးနိုင်ရေး၊ လယ်ယာမြေများ တန်ဖိုးထားလုပ်ကိုင်နိုင်ရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးကောင်း၊ မျိုးသန့်များရွေးချယ်စိုက်ပျိုးနိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ စနစ်တကျအသုံးပြုနိုင်ရေး၊ စိုက်ပျိုးရေးထွက်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေး၊ တောင်သူတိုင်း သဘာဝမြေဩဇာများ ကိုယ်တိုင်ပြုလုပ်အသုံးပြုနိုင်ရေး၊ ဆန်ရေ စပါးပေါများအောင် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ရေး၊ တောင်သူများ သီးနှံစိုက်ပျိုးမှု အခက်အခဲများကို ဌာနဆိုင်ရာများ၊ ကုန်သည်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနိုင်ရေး၊ ပြည်ပစားသုံးဆီများ လျှော့ချသုံးစွဲနိုင်ရန် ဒေသအတွင်း မြေပဲ၊ နှမ်း၊ နေကြာစသည့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုး နိုင်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးနိုင်ရေး ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက် ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်ရန် လျာထားချက်များအား ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဝင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ် ကပ်ထားကြေညာခြင်းအား လိုက်လံကြည့်ရှုစစ်ဆေး၍ မဲစာရင်းလာရောက် ကြည့်ရှုသည့် ပြည်သူများနှင့် တွေ့ဆုံကာ မဲဆန္ဒရှင်များအနေဖြင့် မိမိတို့၏ အမည်မပါဝင် လျှင်သော်လည်းကောင်း၊ အချက်အလက်များ မှားယွင်းလျှင်သော်လည်းကောင်း၊ မပါဝင်သင့်သူများ ပါဝင်နေလျှင်သော်လည်းကောင်း၊ လိုအပ်သည့်ပုံစံများဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူတင်သွင်းနိုင်ကြောင်း ထိုသို့ပြင်ဆင်ဆောင်ရွက်ပြီးပါက မဲဆန္ဒရှင်စာရင်းကို နိုဝင်ဘာလတွင် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)