ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင် ဒက္ခိဏသီရိမြို့နယ်၌၂ဝ၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ် ကြေညာထားရှိမှုအား ကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ ၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ် ကြေညာထားရှိမှုများအား ကွင်းဆင်းကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်နှင့် ရွှေအင်ကြင်းရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်ပြီး အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ်အဖြစ် ကပ်ထားကြေညာရာတွင် ရပ်ကွက်ပြည်သူများ လာရောက်ကြည့်ရှုနေမှုအား သွားရောက်တွေ့ဆုံအားပေးကာ မြို့နယ်တာဝန်ရှိသူများကို ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားရန်၊ ကပ်ထားကြေညာထားသည့် မဲစာရင်းများကိုလည်း ပြည်သူများသိရှိစေရေး ဆောင်ရွက်သွား ရန်နှင့်ပျက်စီးဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။

ဒက္ခိဏသီရိမြို့နယ်အနေဖြင့် မဲရုံစုစုပေါင်း ၁၈ ရုံ၊ ပထမအကြိမ်ကပ်ထားကြေညာသည့် မဲစာရင်းတွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေ ၂၆၀၅၉ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အောင်သူရဦး( ဒက္ခိဏ)