ဥတ္တရသီရိ အောက်တိုဘာ ၄
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် သရက်တောကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ၌ ကျင်းပသော စိုက်ပျိုး၊ မွေးမြူရေး ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တောင်သူပညာပေး ဆွေးနွေးပွဲသို့ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက စိုက်ပျိုးမွေးမြူရေးထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ မိုးသီးနှံအပြီး ဆောင်းသီးနှံများကို ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးမြေများ စနစ်တကျပြုပြင်နိုင်ရေး၊ ပလပ်မြေမရှိအောင် စိုက်ပျိုးနိုင်ရေး၊ လယ်ယာမြေများ တန်ဖိုးထားလုပ်ကိုင်နိုင်ရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာများ စနစ်တကျအသုံးပြုနိုင်ရေး၊ စိုက်ပျိုးရေးထွက်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေး၊ တောင်သူတိုင်း သဘာဝမြေဩဇာများ ကိုယ်တိုင်ပြုလုပ်အသုံးပြုနိုင်ရေး၊ ပြည်ပစားသုံးဆီများ လျှော့ချသုံးစွဲနိုင်ရန် ဒေသအတွင်း မြေပဲ၊ နှမ်း၊ နေကြာစသည့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးနိုင်ရေး၊ ပညာရေးကဏ္ဍ မြင့်တင်အား ပေးရေး တို့ကိုရှင်းလင်း ပြောကြားသည်။
ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် သရက်တော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်လင်းတို့မှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ မဲစာရင်းများ ကပ်ထားကြေညာထားမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသော တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဝင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နေကြာနှင့် ပိုက်ဆံလျှော် မျိုးစေ့များကို တောင်သူများထံ ပေးအပ်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်သည် သရက်တောကျေးရွာရှိ ဦးလှမြင့်၏ “မြမဉ္ဇူမိသားစု ဆန်စက်နှင့်ဆီစက်လုပ်ငန်း”သို့သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆန်စက်နှင့် ဆီစက် လည်ပတ်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဝင်က MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသတွင်း စားသုံးဆီဖူလုံရေး အတွက် ဆီလုပ်ငန်းရှင်များပူးပေါင်း ဆောင်ရွက်သွားရန်နှင့် လိုအပ်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး တာဝန်ရှိသူများအား ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ သစ်ပင်ပန်းပင်များစိုက်ပျိုးရေးနှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးတို့ကို အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်သည် သရက်တောကျေးရွာ “တုနှိုင်းမမှီစာကြည့်တိုက်”သို့ သွားရောက်ပြီး စာကြည့်အတွင်းစာအုပ်စာစောင်များ ခင်ကျင်းထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် သရက်တောကျေးရွာအဝင် လမ်းဘေးဝဲယာ၌ မိုးရာသီသစ်ပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်ပင်သစ်တောများကို တန်ဖိုးထားစိုက်ပျိုးစေရေး၊ စိုက်ပျိုးသည့်သစ်ပင်များ စဉ်ဆက်မပြတ် ရေရှည်တည်တံ့ခိုင်မြဲစွာရှင်သန် စေရေးအတွက် ဝိုင်းဝန်း စောင့်ရှောက်ကြရန် မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်သည် သရက်တောကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအတွင်း ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ် ကြေညာထားမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)