နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့ ရွာကောက်ရပ်ကွက်အတွင်း ပြည်သူများ မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုနေမှုအခြေအနေ ကြည့်ရှု

ပျဉ်းမနား  အောက်တိုဘာ  ၃

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် ကပ်ထားကြေညာပေးထားရာ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် များဖြစ်ကြသည့် ဦးမြင့်စိုး၊ ဦးမင်းဦးနှင့် တာဝန်ရှိသူများသည် ရွာကောက်ရပ်ကွက်၌ ပြည်သူများ မဲဆန္ဒရှင်စာရင်းလာရောက် ကြည့်ရှုနေမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့ ရွာကောက်ရပ်ကွက် “နတ်သျှင်နောင်” စာကြည့်တိုက်အတွင်း ကြည့်ရှုစစ်ဆေးပြီး စာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်စာစောင်များကိုပေးအပ်လှူဒါန်းရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက်မှူးတို့က လက်ခံယူကြသည်။

ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာမှုကို စက်တင်ဘာ ၃၀ ရက်မှ စတင် ကပ်ထား ပေးခြင်းဖြစ်ပြီး အောက်တိုဘာ ၁၃ ရက်ထိ ၁၄ ရက်ကြာ ကပ်ထားကြေညာမည် ဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းလာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် လျှောက်ထားခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များမှားယွင်းနေပါက ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး လိုအပ်သောပုံစံများကို ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူနိုင်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)