ဗိုလ်တထောင် အောက်တိုဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ ရပ်ကွက်များအတွင်း ပထမအကြိမ်အဖြစ် မဲစာရင်းကပ်ထားကြေညာထားရှိခြင်းကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာရပ်ကွက်များအလိုက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ဆောင်ရွက်ရာတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို စက်တင်ဘာ (၃၀) ရက်နေ့မှ အောက်တိုဘာ (၁၃)ရက်နေ့အထိ (၁၄)ရက်ကြာ ကြေညာပေးထားမည်ဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် မိမိစားရင်းအား လာရောက်ကြည့်ရှု၍ မိမိအမည် မဲစာရင်းတွင် မပါ၀င်ပါကပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်တောင်းဆိုနိုင်ခြင်း၊ မပါ၀င်သင့်သေးသူများ ပါ၀င်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ပြုလုပ်နိုင်ကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့်လည်း မဲစာရင်းကိုလာရောက်ကြည့်ရှုမှသာ မှန်ကန်သောမဲစာရင်း ရရှိနိုင်မည်ဖြစ်ကြောင်းကို ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်များအတိုင်း သက်ဆိုင်ရာတာ၀န်ရှိသူများက ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၂)ရပ်ကွက်သို့ တစ်ရပ်ကွက်ခြင်းအလိုက် မဲစာရင်းများ စတင်ကပ်ထားကြေညာထားမှုများအား ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့်အဖွဲ့ဝင်များမှ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့်အတူ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ခင်ဝင်း (ပြန်/ဆက်)