ကျောက်ပန်းတောင်း အောက်တိုဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပန်းတောင်း-မိတ္ထီလာလမ်း မိုင်တိုင် ၅၁/၆ နှင့် မိုင်တိုင် ၅၁/၇ ကြား၊ ကိုင်းကျေးရွာအနီးရှိ တံတားအမှတ်-၅/၅၂ မှာ ရေတိုက်စားမှုကြောင့် အောက်တိုဘာ (၃) ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်က ကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တံတားကျိုးကျမှုကြောင့် မော်တော်ယာဉ်များ သွားလာ၍ မရတော့သဖြင့် ကားလမ်းအား ယာယီပိတ်ထားရပြီး၊ မော်တော်ယာဉ်များ အမြန်ဆုံး ပြန်လည်ဖြတ်သန်းသွားလာနိုင်ရေးအတွက်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်၏ အနီးကပ်ကြီးကြပ်မှုဖြင့်၊ လမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကြင် ဦးဆောင်၍ မြို့နယ်လမ်းဦးစီးဌာနမှ အမြန်ဆုံး ဘေလီတံတားထိုး ပြုပြင်ပေးသွားမည်ဖြစ်ကြောင်းနှင့် လမ်း၏တစ်ဖက်တစ်ချက်စီမှ ယာဉ်များ ပိတ်ဆို့မှုမဖြစ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေအောင်