နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သီးနှံများပန်းတိုင်အထွက်နှုန်းရရှိစေရေး တောင်သူ နည်းပညာပေး ဆွေးနွေးပွဲတက်ရောက်

နေပြည်တော် အောက်တိုဘာ ၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အောက်တိုဘာ ၂ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ သရက်ခုံ ကျေးရွာ၊ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ(KC)ခန်းမ၌ ကျင်းပသည့် သီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိစေရေး တောင်သူနည်းပညာပေးဆွေးနွေးပွဲကို တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး က သီးနှံများ နွေ၊ မိုး၊ ဆောင်းရာသီပြည့်စိုက်ပျိုးစေရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးစေရေး၊ ကြဲပတ်စနစ်ပပျောက်စေရန် အစေ့ချစက် (seeder)ဖြင့် စိုက်ပျိုးစေရေး၊ စိုက်ပျိုးရေရရှိစေရန် နည်းလမ်းမျိုးစုံအသုံးပြု ဆောင်ရွက်ရေး၊ သဘာဝမြေဩဇာများကို တောင်သူများကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ သီးနှံအထွက်တိုးစေရန် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးစေရေး၊ ပလပ်မြေမရှိစေရန် ကွက်ပြည့်စိုက်ပျိုးထားရှိစေရေး၊ သီးနှံများဓာတုဒြပ်ကြွင်းကင်းစင်‌‌စေရေး စနစ်တကျ‌ ဆောင်ရွက်ရန်တို့ကို မှာကြားသည်။

ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှူးက သီးနှံများ ပန်းတိုင်အထွက်တိုးစေရန်၊ သဘာဝမြေဆွေး၊ မြေဩဇာပြုလုပ်နည်း၊ အသုံးပြုပုံများကို ဆွေးနွေးတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဓာတ်မြေဩဇာသွင်းအားစုများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များက EM‌ ဆေးရည်နှင့် သဘာဝမြေဩဇာများကိုလည်းကောင်း တောင်သူများထံပေးအပ်ကာ နေပြည်တော်ကောက်စီဥက္ကဋ္ဌက တောင်သူများ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး မြေပဲခွံ၊ EM၊ စွန့်ပစ်အမှိုက်များဖြင့် သ‌ဘာဝမြေဆွေး သရုပ်ပြ ပြုလုပ်ထားရှိမှုအား ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာ၊ SMUခန်းမ၌ ကျင်းပသည့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး တောင်သူ နည်းပညာပေး ဆွေးနွေးပွဲသို့တက်ရောက်ပြီး တောင်သူများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး နှင့် သဘာဝမြေဩဇာ တွင်ကျယ်စွာအသုံးပြုနိုင်ရေး ဆွေးနွေးပြောကြားပြီး နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှူးမှ နေကြာစိုက်ပျိုးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက နေကြာမျိုး(ရေဆင်းစပ်မျိုးနေကြာ - ၁)များကို တောင်သူများထံပေးအပ်ကာ တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူရဦး (ဒက္ခိဏ)