ချမ်းအေးသားစံ အောက်တိုဘာ ၃
မြန်မာနိုင်ငံဆေးပညာရှင်အသင်း (Internal Medicine Society) က ကြီးမှူးကျင်းပသည့် ဆေးတက္ကသိုလ်အသီးသီးမှ ဆေးပညာဘာသာရပ်ကို ထူးချွန်စွာ ဂုဏ်ထူးဖြင့်အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား မြန်မာနိုင်ငံဆေးပညာရှင်အသင်းမှ ဂုဏ်ပြုဆုများချီးမြှင့်ခြင်း အခမ်းအနားကို အောက်တိုဘာ ၁ ရက် ညပိုင်းတွင် Yadanarbon Hall မြနန်းဘုံစံခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦး၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ ဆေးတက္ကသိုလ် (မန္တလေး)၊ ဆေးတက္ကသိုလ်(မကွေး)၊ ဆေးတက္ကသိုလ် (တောင်ကြီး)၊ တပ်မတော်ဆေးတက္ကသိုလ်တို့မှ ပါမောက္ခ(ဌာနမှူးများ)၊ ပါမောက္ခဆရာဝန်ကြီးများ၊ တွဲဖက်ပါမောက္ခများ၊ သမားတော်ကြီးများ၊ မြန်မာနိုင်ငံဆေးပညာရှင်အသင်းဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ်(မန္တလေး) ဆေးပညာဌာန ပါမောက္ခဌာနမှူး၊ ပါမောက္ခဒေါက်တာအေးအေးချစ်နှင့်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မလျှော့သောဇွဲ၊ လုံ့လ၊ ဝီရိယ၊ စစ်မှန်သောခံယူချက်၊ ယုံကြည်ချက်၊ ခိုင်မာသောစိတ်ဓာတ်တို့ဖြင့် ကြိုးစားအားထုတ်ခဲ့မှုကြောင့် ယခုလို အောင်မြင်မှုအသီးအပွင့်များကို ခံစားကြရခြင်းဖြစ်ပါကြောင်း၊ ဆေးတက္ကသိုလ်နောက်ဆုံးနှစ်အပိုင်း (ခ) M.B.B.S စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖြေဆိုသူဦးရေ (၁၂၉၄)ဦး ရှိသည့်ထဲမှ ဆေးပညာဘာသာရပ်ကို ထူးချွန်စွာအောင်မြင်ခဲ့သည့် ဂုဏ်ထူးရကျောင်းသား ကျောင်းသူ ၃၃ ဦး ပေါ်ထွက်ခဲ့ရာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကြိုးစားအားထုတ်ခဲ့ကြသည့် ဆေးပညာရှင်များအနေဖြင့် သမားဂုဏ်၊ သမားကျင့်ဝတ်နှင့်အညီ နိုင်ငံတော်နှင့်ပြည်သူများကို အလုပ်အကျွေးပြုသူများဖြစ်အောင် ဆက်လက်ကြိုးစားနေကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားကို ပြောကြား၍ မြန်မာနိုင်ငံဆေးပညာရှင်အသင်းဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ် (မန္တလေး) ဆေးပညာဌာန ပါမောက္ခဌာနမှူး၊ ပါမောက္ခဒေါက်တာအေးအေးချစ်က မြန်မာနိုင်ငံဆေးပညာရှင်အသင်း၏ လုပ်ဆောင်နေမှုများနှင့်စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြပြီးနောက် ဆေးတက္ကသိုလ်(မန္တလေး) ဆေးပညာဌာနမှတ်တမ်း Video clip ကို ပြသခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ မြန်မာနိုင်ငံဆေးပညာရှင်အသင်းဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ် (မန္တလေး) ဆေးပညာဌာနပါမောက္ခဌာနမှူး၊ ပါမောက္ခ ဒေါက်တာအေးအေးချစ် နှင့် တာဝန်ရှိသူများက ဆေးပညာဘာသာရပ်ကို ထူးချွန်စွာဂုဏ်ထူးဖြင့် အောင်မြင်သည့် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ၆ ဦး၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ ၅ ဦး၊ ဆေးတက္ကသိုလ် (မန္တလေး) မှ ၇ ဦး၊ ဆေးတက္ကသိုလ်(မကွေး) မှ ၆ ဦး၊ ဆေးတက္ကသိုလ် (တောင်ကြီး) မှ ၇ ဦး နှင့် တပ်မတော်ဆေးတက္ကသိုလ်မှ ၂ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၃၃ ဦးအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံဆေးပညာရှင်အသင်းမှ ဂုဏ်ပြုဧည့်ခံခြင်းကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်