သာစည်မြို့နယ်တွင် ပထမအကြိမ် မဲစာရင်းများကြေညာထားရှိမှု ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကွင်းဆင်းကြည့်ရှု

သာစည် အောက်တိုဘာ ၃

မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုများကို အောက်တိုဘာ ၁ ရက်နံနက် ၁၁ နာရီခွဲက ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် အတွင်းရေးမှူး ဦးအောင်ကျော်စိုးတို့နှင့်အတူ သာစည်မြို့ အမှတ် (၆) ရပ်ကွက်၊ အမှတ် (၇) ရပ်ကွက်နှင့် အမှတ် (၃) ရပ်ကွက်တို့၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိရာနေရာများသို့ သွားရောက်ကာ မဲဆန္ဒရှင်များ မဲစာရင်းကြည့်ရှုနေမှုများကို ကြည့်ရှုအားပေးပြီး ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံကာ တွေ့ကြုံရသည့် အခက်အခဲများကို မေးမြန်းပြီး အခက်အခဲများ အဆင်ပြေစေရေးတို့အတွက် မြို့နယ်တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

သာစည်မြို့နယ်၌ မြို့ပေါ် (၇) ရပ်ကွက်နှင့်ကျေးရွာပေါင်း ၂၄၉ ရွာတို့တွင် မဲရုံပေါင်း ၂၁၀ ရှိပြီး မဲဆန္ဒရှင် ၁၅၂၄၃၁ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)