လားရှိုးတွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

လားရှိုး  အောက်တိုဘာ ၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံး (လားရှိုး) ရှိ ရဲရန်အောင်ခန်းမတွင် ကျင်းပခဲ့သည်။

ရှေ့ဦးစွာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦးက ဂုဏ်ပြုအမှာစကားပြောကြားပြီး (၆၁) နှစ်မြောက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ ရဲချုပ်မှ ပေးပို့သော သဝဏ်လွှာအား ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး (လားရှိုး) မှ ရဲမှူးကြီး သန့်ဇင်က ဖတ်ကြားခဲ့သည်။

ထို့နောက် မှုခင်းဖော်ထုတ်ဖမ်းဆီးရာတွင် ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့သည့် တပ်ဖွဲ့ဝင်များအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အေးမင်းဦးကလည်းကောင်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက လည်းကောင်း၊ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး (လားရှိုး)မှ ရဲမှူးကြီး သန့်ဇင်ကလည်းကောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip အား ပြသခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)