ဒဂုံမြို့နယ်ရှိ ရပ်ကွက်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာ

ဒဂုံ အောက်တိုဘာ  

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်ရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်ရုံးများတွင် ပထမအကြိမ်အဖြစ် မဲစာရင်း ကပ်ထားကြေညာထားရှိခြင်းကို အောက်တိုဘာ ၁ ရက်နေ့နံနက် (၁၁:၄၅)နာရီအချိန်မှ စတင်၍ သက်ဆိုင်ရာရပ်ကွက်များ အလိုက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် ၂၀၂၅နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို စက်တင်ဘာ(၃၀)ရက်နေ့မှ အောက်တိုဘာ (၁၃)ရက်နေ့အထိ (၁၄)ရက် ကြာကြေညာပေးထားမည်ဖြစ်ပြီး မဲဆန္ဒရှင်များ အနေဖြင့် မိမိနာမည်စာရင်းအားလာရောက်ကြည့်ရှု၍ မိမိအမည်မဲစာရင်းတွင် မပါ၀င်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင်အမည်ထည့်သွင်းပေးရန် တောင်းဆိုနိုင်ခြင်း၊ မပါ၀င်သင့်သေးသူများ ပါ၀င်နေပါကပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ပြုလုပ်နိုင်ကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့်လည်း မဲစာရင်းကိုလာရောက် ကြည့်ရှုမှသာ မှန်ကန်သောမဲစာရင်းရရှိနိုင်မည်ဖြစ်ကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်များအတိုင်း သက်ဆိုင်ရာ တာ၀န်ရှိသူ များက ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒာရှင်စာရင်း ပထမအကြိမ် ကပ်ထားမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်း၊  အဖွဲ့၀င်ဗိုလ်မှူးစောပိုင်၊အဖွဲ့၀င် လ၀က ဦးစီးမှူး ဦးရဲစွာ၀င်း၊ အဖွဲ့၀င် ဦးမြင့်အေး၊ အတွင်းရေးမှူး ရဲတပ်ဖွဲ့မှူးရဲမှူးမျိုး၀င်း၊ ဒဂုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်၊ အတွင်းရေးမှူး ဒေါ်မြသဲငုံတို့မှ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့မှ မဲဆန္ဒရှင်စာရင်းများနှောက်ယှက်ဖျက်ဆီးမှုရှိပါက ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်နိုင်ရေး အချိန်နှင့်တပြေးညီ သတင်းပေးပို့ကြရန် အများပြည်သူ၏ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသံချဲ့စက်ဖြင့် နေ့စဉ်ကြေညာပေးရန်တို့မှာကြားခဲ့ကြောင်းသိရသည်။

ဒဂုံမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ   စုစုပေါင်း(၂၀၀၁၁) ဦးရှိပြီး  ထိုအထဲတွင် ကရင်တိုင်းရင်းသား(၇၁၇)ဦးနှင့် ရခိုင်တိုင်းရင်း သား(၅၂၀)ဦးတို့ပါ၀င်သည်။ ဒဂုံမြို့နယ် အတွင်းတွင် မဲရုံ ၁၄ ရုံ လျာထားဆောင်ရွက်ထားကြောင်း သိရသည်။

လဲ့လဲ့(ပြန်/ဆက်)