ဥတ္တရသီရိ ဩဂုတ် ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၌ ကိုဗစ်ကာလအတွင်း ဖွင့်လှစ်လျက်ရှိသည့် အခြေခံ ပညာကျောင်း များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားမှု ရှိ/မရှိကို တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၀ နာရီခွဲမှ စတင်၍ အမှတ်(၁၂)၊ အခြေခံပညာ အထက်တန်းကျောင်းတွင် စစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာသီဟဇော်၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်အောင်ဌေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိရွှေဇင်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူများအား ကိုယ် အပူချိန် တိုင်းတာမှုရှိ/မရှိ၊ စာသင်ချိန်တွင် Face Shield တပ်ဆင်၍ သင်ကြားခြင်းရှိ/မရှိ၊ စာသင်ခန်းအတွင်း (၆)ပေစီခြားထိုင်၍ သင်ကြားခြင်းရှိ/မရှိ၊ စာသင်ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ သံသယ လက္ခဏာ ရှိသူအားတွေ့ရှိပါက ဆောင်ရွက်ရမည့် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု/ရှိမရှိနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးနိုင်ရေးအတွက် ဆောင်ရွက်ရမည့် ရေ၊ ပတ်ဝန်းကျင် သန့်ရှင်းမှုနှင့် တစ်ကိုယ်ရေ သန့်ရှင်း ရေး လုပ်ငန်းဆောင်ရွက် ထားရှိမှု ရှိ/မရှိ စသည့်အချက်များအား စစ်ဆေးဆောင်ရွက်ခဲ့သည်။
ဥတ္တရသီရိမြို့နယ်တွင် ကိုဗစ်ကာလအတွင်း ပြန်လည်ဖွင့်လှစ်သင်ကြားနေသည့် အခြေခံ ပညာကျောင်းနှင့် ကိုယ်ပိုင်ကျောင်း စုစုပေါင်း (၁၇)ကျောင်းရှိပြီး ယနေ့စစ်ဆေးခဲ့သည့် အမှတ်(၁၂) အခြေခံပညာ အထက် တန်း ကျောင်း အပါအဝင် စုစုပေါင်း (၆)ကျောင်းကို စစ်ဆေးပေးခဲ့ပြီး ကျန်ရှိ နေသေးသည့် အခြေခံပညာကျောင်းများကိုလည်း ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)