ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာမှုအား ကြည့်ရှုစစ်ဆေး 

ဘားအံ စက်တင်ဘာ ၃၀

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ရပ်ကွက်/ ကျေးရွာအုပ်စုများအတွင်း ပထမအကြိမ် အခြေခံမဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ် (၆) ရပ်ကွက်၊ ပြည်ထောင်စုရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး၊ အမှတ် (၉) ရတနာဒီပရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး၊ အမှတ် (၅) မာန်အောင်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အမှတ် (၁) ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး သရက်တော၊ မြိုင်သဇင်၊ ကြာအင်းရပ်ကွက်တို့မှ အခြေခံမဲဆန္ဒရှင်စာရင်းများ ပထမအကြိမ်ကပ်ထားကြေညာထားရှိမှု၊ သက်ဆိုင်ရာခရိုင်/မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ဒေသခံပြည်သူများ မဲစာရင်း လာရောက်ကြည့်ရှုရာတွင် လွယ်ကူအဆင်ပြေစေရေး ကူညီဆောင်ရွက်ပေးနေမှု၊ မဲစာရင်း လာရောက်ကြည့်ရှုရာတွင် မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းတောင်းဆိုနိုင်ရေး၊ မဲစာရင်းတွင်မပါဝင်သင့်သူများတွေ့ရှိပါက ပုံစံ (၄) ဖြင့် ကန့်ကွက်နိုင်ရေး၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းနိုင်ရေးတို့အတွက်  သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲရုံးများမှ လိုအပ်သောပုံစံများအား ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲစာရင်းလာရောက်ကြည့်ရှုနိုင်ရေး တိုက်တွန်းနှိုးဆော်ပေးကြရန်၊ မဲစာရင်းလာရောက်ကြည့်ရှုသူများ အနှောင့်အယှက်ကင်းစွာဖြင့် စိတ်အေးချမ်းသာစွာကြည့်ရှုနိုင်ရေး တာဝန်ရှိသူများကစီမံဆောင်ရွက်ပေးကြရန်၊ မဲစာရင်းဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်ပြီးပါက ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် နောက်ဆုံးအကြိမ် ထပ်မံကပ်ထားကြေညာမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများက လိုအပ်သောတောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ဆောင်ရွက်နိုင်ရန် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးလူတစ်ဦး မဲစာရင်းလာရောက်ကြည့်ရှုနိုင်ရေး နှိုးဆော်ပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

ဦးစွာ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အားကစားနှင့်ကာယပညာဦးစီးဌာနအသင်းနှင့် ပညာရေးဌာနအသင်း၊ အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် ပြည်နယ်လဝကအသင်းနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး အမျိုးသမီးဗိုလ်လုပွဲစဉ်တွင် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအသင်းက သုံးပွဲပြတ်၊ အမျိုးသားဗိုလ်လုပွဲစဉ်တွင် ပြည်နယ်လဝက အသင်းက သုံးပွဲတစ်ပွဲတို့ဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြသည်။

ဗိုလ်လုပွဲစဉ်များအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များက အမျိုးသမီးပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးစပေးဘောဆု၊ အကောင်းဆုံးဆယ်မဆု၊ အကောင်းဆုံးပင့်ထောင်ဆု၊ အကောင်းဆုံးရိုက်ခုတ်ဆု၊ အကောင်းဆုံးပိတ်ဆို့ဆု၊ အကောင်းဆုံးအမျိုးသမီးအားကစားသမားဆု၊ ပူးတွဲတတိယဆုရရှိသော ပြည်နယ်ရဲတပ်ဖွဲ့နှင့် လမ်းဦးစီးဌာနအသင်း၊ ဒုတိယဆုရရှိသော ပညာရေးအသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမျိုးသားပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးစပေးဘောဆု၊ အကောင်းဆုံးဆယ်မဆု၊ အကောင်းဆုံးပင့်ထောင်ဆု၊ အကောင်းဆုံးရိုက်ခုတ်ဆု၊ အကောင်းဆုံးပိတ်ဆို့ဆု၊ အကောင်းဆုံးအမျိုးသားအားကစားသမားဆု၊ ပူးတွဲတတိယဆုရရှိသော ဆည်မြောင်းအသင်းနှင့်ပညာရေးအသင်း၊ ဒုတိယဆုရရှိသော စည်ပင်သာယာရေးအသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုဖလားများကိုလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်နန်းဘေဘီမြင့်က အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသွားသော ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု (၁၀) သိန်းကျပ်နှင့် ဆုဖလားတို့ကိုလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမျိုးသားပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသွားသော ပြည်နယ်လဝကအသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု(၁၀)သိန်းကျပ်နှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)