သရက်ချောင်း စက်တင်ဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက် (၂)လသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းကအဖွင့် အမှာစကားပြောကြားရာတွင် သင်တန်းမှ သင်ကြားပို့ချထားသော ပညာများဖြင့် မိမိကျေးရွာအထောက်အကူပြု လုပ်ငန်းများနှင့် အသက်မွေးကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်သွားစေလိုကြောင်း၊ မြို့နယ်အတွင်း ဒေသခံအမျိုးသမီးငယ်များအား အသက်မွေးဝမ်းကျောင်းပညာများရရှိစေရန် အခြေခံအပ်ချုပ်စက် (၂)လသင်တန်းကို ဖွင့်လှစ်သင်ကြားပေးသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိကြောင်းပြောကြားခြင်းနှင့် မြို့နယ်အတွင်းဒေသခံပြည်သူများအား အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများကို စဥ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးစေလိုကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်က သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် (Focal Ministry)ဖြစ်သည့်အားလျော်စွာ ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင်နှင့်အညီ အလုပ်အကိုင်အခွင့်အလမ်း၊ မိသားစုဝင်ငွေတိုးပွားလာစေခြင်းနှင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျှော့ချရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့်လည်းကောင်း၊ မြို့နယ်အတွင်းရှိ ကျေးလက်နေဒေသခံပြည်သူများ အမျိုးသမီးများအတွက် စက်ချုပ်အတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့် မိသားစုဝင်ငွေ တိုးပွားလာစေပြီး ဆင်းရဲနွမ်းပါးမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက် (၂)လသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းသူများချုပ်လုပ်ထားသော အဝတ်အထည်များကို သင်တန်းသူများအား ပေးအပ်ပြီးသင်တန်းသူများအားလုံး ကိုယ်စား သင်တန်းသူတစ်ဦးမှ အဆိုပါသင်တန်းကိုဖွင့်လှစ်ပေးသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းနည်းပြဆရာမအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများနှင့် သင်တန်းသူများအမှတ်တရမှတ်တမ်းဓါတ်ပုံရိုက်ကူးကာ အခမ်းအနားရုတ်သိမ်းလိုက်ပြီးနောက် တာဝန်ရှိသူများက သင်တန်းသူများချုပ်လုပ်ထားသော အဝတ်အထည်များ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)