ကော့သောင်း စက်တင်ဘာ ၃၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ)နှင့် ကော့သောင်းခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ ရပ်/ကျေးအဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို စက်တင် ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းက “နိုင်ငံတော်အတွက် အရေးကြီးသော ရွေးကောက်ပွဲအောင်မြင်စွာကျင်းပ ဆောင်ရွက်နိုင်ရေးအတွက် ယခုကဲ့သို့လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် မိမိအပါအဝင် တက်ရောက်လာကြသူများ အားလုံး တွင်တာဝန်ရှိပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာ၊မြို့နယ်များမှ ရွေးကောက်ပွဲအဖွဲ့ခွဲများနှင့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာသိသင့်သိထိုက်သည်များကို သိရှိထားရန်လိုအပ်ပြီး မဲဆန္ဒရှင်ပြည်သူများအား အသိပညာပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းများဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့နယ်၊ ရပ်ကွက်/ကျေးရွာများမှ တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို အမှန်တကယ်သိရှိနားလည်ပြီး ထဲထဲဝင်ဝင်ဆောင်ရွက်ရန်နှင့် ခရိုင်နှင့် တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲမှလည်း စနစ်တကျကြီးကြပ်ရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းများကို စနစ်တကျအကောင် အထည်ဖော် ပူးပေါင်းဆောင်ရွက်ကြရန်” ပြောကြားသည်။
ထို့နောက် မြန်မာအီလက်ထရောနစ် MEVM မဲပေးစက်များ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က "တိုင်းဒေသကြီးအတွင်း MEVM မဲပေးစက်များကို စနစ်တကျစုဖွဲ့ဆောင်ရွက်ထားရှိပြီဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ဆောင်ရွက်မည့်အပိုင်းအလိုက် မဲပေးစက်များကို ခရိုင်အလိုက် စနစ်တကျဆောင်ရွက်ထားရှိပြီးဖြစ်ပြီး ရွေးကောက်ပွဲဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မဲပေးစက်များအား သတ်မှတ်မဲရုံများသို့သယ်ယူပို့ဆောင်ရေးနှင့် စက်ချွတ်ယွင်းမှုများရှိလာပါက အရန်စက်များထားရှိရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်အောင် ဆောင်ရွက်နိုင်ရေးပြည်သူ တစ်ရပ်လုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါရန်" ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ခရိုင်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး
ဦးဖြိုးထက်ကိုက ကော့သောင်းခရိုင်အတွင်းဆောင်ရွက် လျက်ရှိသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးနိုင်လင်းထက်က ကော့သောင်းမြို့နယ်အတွင်း ရွေးကောက်ပွဲလုပ်ငန်းအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထိန်လင်းဦးက ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းတင်ပြပြီးတက်ရောက်လာသည့် ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး မဲပေးစက်များ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ရှင်းလင်းတင်ပြရာ ဆွေးနွေးတင်ပြချက်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ကော့သောင်းမြို့ အ-ထ-က(ခွဲ)အ-လ-က(၂)ကျောင်းတွင် ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးခြင်းလုပ်ငန်းစဉ်များအတိုင်း ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများ၊ မဲဆန္ဒရှင်ပြည်သူများကို အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကြပြီး ကော့သောင်းမြို့နယ် ရပ်ကွက်၊ ကျေးရွာများအလိုက် မဲဆန္ဒရှင်စာရင်း ကြေညာမည့်ပုံစံအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)