ထားဝယ် စက်တင်ဘာ ၃၀
မြိတ်မြို့နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာငါးလေလံ ဈေးနှင့်စက်မှုဇုန်စီမံကိန်းဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ လေ့လာဆန်းစစ်ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် စီမံကိန်းဆိုင်ရာကိစ္စရပ်များအား မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်က ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စုအတွင်းရှိ မြေဧရိယာပေါ်တွင် တည်ဆောက်မည့် မြိတ်မြို့နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်းဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ လေ့လာဆန်းစစ် ဆောင်ရွက်ခြင်းဆိုင်ရာနားလည်မှုစာချွန်လွှာ Feasibility Study (F.S)(MOU) အား မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်က ရှင်းလင်းတင်ပြသည့်အစည်းအဝေးဖြစ်ကြောင်း၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသရေထွက်ကုန်ပစ္စည်းများ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်မည့်အခြေအနေ တိုးတက်ကောင်းမွန်လာမည်ဖြစ်ပြီး၊ ကုန်ချောထုတ်လုပ်ရန် နိုင်ငံတကာလုပ်ငန်းများမှ နည်းပညာနှင့်အရင်းအနှီးများ ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ထို့အပြင်နိုင်ငံတော်ဘဏ္ဍာအတွက် နိုင်ငံခြားဝင်ငွေနှင့်အခွန်အခများ တိုးပွားရရှိလာမည်ဖြစ်ပြီး၊ ဒေသခံပြည်သူများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာခြင်းစသည့် အကျိုးကျေးဇူးများ ပိုမိုရရှိနိုင်မည်ဖြစ်ပါသဖြင့် မြိတ်မြို့နိုင်ငံတကာ အဆင့်မီ အပြည်ပြည်ဆိုင်ရာငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်းဖြစ်မြောက်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်က မြိတ်မြို့နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်းအတွက် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိလေ့လာဆန်းစစ် ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် စီမံကိန်းဆိုင်ရာကိစ္စရပ်များ၏ ရှင်းလင်း တင်ပြမှုအပေါ်တွင် တိုင်းဒေသကြီးဝန်ကြီးများနှင့်ကျွမ်းကျင်ပညာရှင်များက လေ့လာတွေ့ရှိချက်များ အား အကြံပြုဆွေးနွေးတင်ပြသည်။ ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုအပေါ်တွင် ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)