ဘားအံ စက်တင်ဘာ ၂၉
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားရုံတွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော မော်တော်ယာဉ်အစီးရေ ၆၀ ခန့်ရပ်နားနိုင်သည့် အလျား ၁၉၉ ပေ၊ အနံ ၁၁၄ ပေရှိ ကားပါကင်နှင့် မြေယာရှုခင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူး သူရမြင့်သူနှင့် အင်ဂျင်နီယာမှူးကြီးဦးစိုးလွင်တို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာဦးစီးဌာန လှာကမြင်အားကစားကွင်း ဇွဲကပင်အားကစားရုံ (၂၀၀ x ၁၃၀) ပေ အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးရာ တာဝန်ယူတည်ဆောက်သည့် ဒီဇိုင်းမန္တလေးကုမ္ပဏီမှ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုက်လံရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ချိန်ထက်စောလျင်စွာပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ လှာကမြင်ကွက်သစ် ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပလျက်ရှိသော ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသား/အမျိုး သမီးဘော်လီဘောပြိုင်ပွဲ အမျိုးသားအကြိုဗိုလ်လုပွဲစဉ်အဖြစ် လဝကအသင်းနှင့် ဆည်မြောင်းအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် လဝကအသင်းက သုံးပွဲတစ်ပွဲဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီး ကရင်ပြည်နယ် ဧည့်ရိပ်သာရှေ့ ရိပ်သာပန်းခြံတည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူ၊ အင်ဂျင်နီယာမှူးကြီးဦးစိုးလွင်တို့က တည်ဆောက်ရေးလုပ်ငန်း (၁၇) ခုနှင့် အရိပ်ရပင်များ၊ ပန်းအလှပင်များ ထည့်သွင်းစိုက်ပျိုးပြီးစီးမှုအခြေအနေ၊ လုပ်ငန်းတစ်ခုလုံး၏ ၉၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီး မှုနှင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ရိပ်သာပန်းခြံအတွင်း လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁၃) မှ တာဝန်ယူတည်ဆောက်လျက်ရှိသော ကရင်ပြည်နယ်ဧည့်ရိပ်သာပရိဝုဏ်အတွင်း (၂) ခန်းတွဲ (၃) ထပ်အမှုထမ်းနေအိမ်နှစ်လုံး တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးရာ အဆောက်အဦအထူးအဖွဲ့ (၁၃)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သူနှင့်တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဧည့်ရိပ်သာပရိဝုဏ်စိမ်းလန်းစိုပြေရေး၊ ပန်းအလှပင်များစိုက်ပျိုးနိုင်ရေးနှင့် အခြားလိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ်အတွင်း နိုင်ငံတော်အဆင့် အကြီးအကဲများ၊ နိုင်ငံတကာမှအထူးဧည့်သည်တော်များ ရောက်ရှိတည်းခိုနေထိုင်နိုင်ရန် ၁၀၀ ရာခိုင်နှုန်းတည်ဆာက်ပြီးစီးနေသော ကရင်ပြည်နယ် ဧည့်ရိပ်သာပင်မဆောင်အတွင်း ပရိဘောဂ၊ အသုံးအဆောင်ပစ္စည်းများ ထည့်သွင်းဆောင်ရွက်ထားရှိမှု၊ မြို့ပြလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)