ကျွန်းစုမြို့နယ် ကျေးလက်နေပြည်သူများအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာပတ်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

မြိတ် စက်တင်ဘာ၂၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကမ်းကြီးကျေးရွာအုပ်စုရှိ သန္တာကျွန်း ကျေးရွာပတ်လမ်းအား မြေသားပြုပြင်၍ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျပ်သန်း (၃၀၀) ကျော်ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနမှ ဩဂုတ်လမှ စတင်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလမ်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၃၀၄.၃၀၇) သန်းဖြင့် ကျေးရွာပတ်လမ်း (၂/၀) မိုင်ရှိသည့်အနက် (၀/၄.၅၄) မိုင်မှ (၁/၀.၀၇) မိုင်အထိ လမ်းအပိုင်းအား မြေသားပြုပြင်၍ (၂) လက်မ- (၄) လက်မခွဲကျောက်ဖြင့် အကျယ် (၁၂) ပေ၊ (၇) လက်မထု ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြေသားပြုပြင်ပြီး ကွန်ကရစ်လမ်း လုပ်ငန်းဆောင်ရွက်မည့် ကျေးရွာပတ်လမ်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြိတ်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) နှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာတို့မှ ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး သတ်မှတ်စံချိန်စံညွန်းနှင့်အညီ ဆောင်ရွက်ရန် မှာကြားသည်။

ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာပတ်လမ်းအား အသုံးပြုသွားလာကြသည့် ဒေသခံပြည်သူများ ယခင်ကထက် ရာသီမရွေး လွယ်ကူချောမွေ့အဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)