ကျွန်းစု စက်တင်ဘာ ၂၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းနှင့် ကျွန်းစုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၈ ရက်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ကျွန်းစုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း မြို့နယ်၊ ရပ်ကွက်/ကျေးရွာက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို အမှန်တကယ်သိရှိနားလည်ပြီး ထဲထဲဝင်ဝင်ဆောင်ရွက်ရန်လိုအပ်ပြီး ခရိုင်နှင့် တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲမှလည်း စနစ်တကျကြီးကြပ်မှုဖြင့် ရွေးကောက်ပွဲကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းများကို တာဝန်ရှိသူများက စနစ်တကျအကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် မြန်မာအီလက်ထရောနစ်မဲပေးစက်များ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က တိုင်းဒေသကြီးအတွင်း MEVM မဲပေးစက်များကို စနစ်တကျစုဖွဲ့ ဆောင်ရွက်ထားရှိမှုများ၊ ရွေးကောက်ပွဲဆောင်ရွက်မည့် အပိုင်းအလိုက် မဲပေးစက်များကို ခရိုင်၊ မြို့နယ်အလိုက် စနစ်တကျ ဆောင်ရွက်ထားရှိမှုများအား ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြ၍ တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထိန်လင်းဦးက တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ကျွန်းစုမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းကိစ္စများ ဆောင်ရွက်ရာတွင် လွယ်ကူစေရန်အတွက် hp Laptop တစ်လုံးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ပေးအပ်ခဲ့ရာ တာဝန်ရှိသူက လက်ခံရယူခဲ့ကာ တက်ရောက်လာသည့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး မဲပေးစက်များ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ရှင်းလင်းတင်ပြရာ ဆွေးနွေးတင်ပြချက်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ကျွန်းရတနာခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်ကြားနေမှုအား ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား၍ ရပ်ကွက်/ကျေးရွာများအလိုက် မဲရုံများ၊ မဲဆန္ဒရှင်စာရင်း ကြေညာမည့်ပုံစံအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)