ပင်လုံ စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ကိုလိုနီခေတ် ပညာရေးကာလ(၁၉၂၅)မှ (၂၀၂၅)တွင် နှစ်တစ်ရာပြည့်ပြီဖြစ်၍ ရာပြည့်ပွဲတော်နှင့် အာစရိယပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်း၌ အဆိုပါကျောင်း၌ ဆောင်ရွက်သည်။
၎င်းပွဲတော်ကို မနက် ၅ နာရီ၌ သံဃာတော်များပင့်ဆောင်၍ အရုဏ်ဆွမ်းကပ်လှူပြီး ကုသိုလ်ကောင်းမှု အမျှတမ်းပေးဝေခဲ့သည်။ ထို့နောက် ရာပြည့်ပွဲတော် အခမ်းအနားအား ပင်လုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုး၊ ပင်လုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဒေါ်နီလာမြင့်၊ လွိုင်လင်ခရိုင် ပညာရေးမှူး ဒေါက်တာမြင့်မြင့်အေး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစံလှိုင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေစင်ဝင်း၊ ကျောင်းသားဟောင်း ဒေါ်နန်းမြထွေးနှင့် ဒေါ်အေးကိုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး၊ မီးရှူးမီးပန်းများ လွှတ်တင်၍ အ.ထ.က (၁) နှစ်တရာပြည့် အထိမ်းအမှတ် မိုးပျံပူစီဖောင်းအလုံးတစ်ရာကို ကောင်းကင်ယံသို့ လွှင့်တင်ခဲ့ကြသည်။
ထို့နောက် ခရိုင်ပညာရေးမှူးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကျောင်းသားဟောင်းတစ်ဦးမှ ရာပြည့်ပွဲတော်ကျင်းပခြင်းနှင့် ကျောင်း၏အခြေအအနေများ ရှင်းပြခြင်း၊ ကျောင်းအကျိုးတော်ဆောင်မှ ကျောင်းအခြေအနေများ ရှင်းပြခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေစင်ဝင်းမှ သန့်စင်ခန်းအလှူရှင်နှင့် ကျောင်းသားဟောင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ ယဥ်ကျေးမှုအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ခြင်း၊ ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ကျောင်းသားဟောင်းများမှ လက်ရှိကျောင်းအုပ်ကြီးအား ဂုဏ်ပြုချီးမြှင့်ကြသည်။ ဆက်လက်၍ ယဥ်ကျေးမှုရိုးရာအကအလှများ အသီးသီးဖျော်ဖြေတင်ဆက်ကြပြီးနောက် ဆရာ/ဆရာမများအား ပူဇော်ကန်တော့ခဲ့ကြသည်။
အဆိုပါပွဲကို ပင်လုံတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ခရိုင်ပညာရေးမှူး၊ ဒုမြို့နယ်ပညာရေးမှူး၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စာပေယဥ်ကျေးမှုကော်မတီများ၊ အပူဇော်ခံ ဆရာ/ဆရာမများ၊ ရပ်ဝေး/ရပ်နီး ကျောင်းသား/ ကျောင်းသူဟောင်းများ၊ အဆိုပါကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပွဲတော်အတွင်း ဧည့်ပရိသတ်များအား ဘူဖေးဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ စတုဒိတာ ကျွေးမွေးခြင်း၊ နိဗ္ဗာန်စျေးရောင်းချခြင်းနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)