မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်တွင် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

မြိတ် စက်တင်ဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီမှ ကြီးမှူး၍ အသံမစဲမဟာ ပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် (၃)ရက်တိုင်တိုင်ကျင်းပခဲ့ပြီး ပူဇော်ပွဲအောင်မြင်ခြင်းအထိမ်းအမှတ် ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

ပဋ္ဌာန်းသိမ်းအောင်ပွဲကို ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး နိုင်ငံတော်ဩဝါဒါ စရိယ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တလာသန လှည်းဘီးပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကြ၍ ဆရာတော် သံဃာတော်များ ထံမှ ပရိတ်တရားတော်များ နာယူကြသည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက သာသနာရေးဆိုင်ရာ များကိုလျှောက်ထားပြီး မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်က အနုမောဒနာဂါထာဖြင့် ရွတ်ဖတ်ပူဇော်သည်။ ဆက်လက်၍ ဆရာတော် သံဃာတော်များနှင့် ပဋ္ဌာန်း ဘာဏကဆရာတော်များအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဝိမလ ကန်သာပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာ တရားနာကြားကြပြီး‌ ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဘုရားငါးဆူ ပရိယတ္တိစာသင်တိုက် စာချနာယက ဆရာတော်က နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်၍ ပဋ္ဌာန်းသိမ်းအောင်ပွဲကို ဗုဒ္ဓသာသနံစိရံ တိဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းကြသည်။

ဆက်လက်၍ ပူဇော်ပွဲအောင်မြင်ခြင်းအထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စေတီတော်ရင်ပြင်တွင် ဆက်လက်ကျင်းပရာ ဆရာတော်သံဃာတော်များအား မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ စေတနာရှင်အလှူရှင်များက ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး