ကရင်ပြည်နယ်အစိုးရအဖွဲ့၏ မတည်ငွေဖြင့်ဆောက်လုပ်သည့် အလင်းရောင် စာကြည့်တိုက်ဖွင့်လှစ်

ဘားအံ စက်တင်ဘာ ၂၇

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ မတည်ငွေကျပ်သိန်း (၂၀၀)၊ ပြည်သူလူထုထည့်ဝင်ငွေကျပ် (၁၄၆၈၄၀၀ဝိ/-) တစ်ရာလေးဆယ်ခြောက်သိန်းရှစ်သောင်းလေးထောင်ကျပ်ဖြင့် ဆောက်လုပ်ခဲ့သည့် ဘားအံမြို့နယ်၊ နောင်ကုန်း (ဝဲကရင်) ကျေးရွာအုပ်စု၊ အလင်းရောင်စာကြည့်တိုက်ဖွင့်ပွဲကို စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်အဆောက်အဦရှေ့၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စာကြည့်တိုက်ဖွင့်ပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ ဆုံနှုတ်ဆက်၍ ဝဲကရင်ကျောင်းတိုက်အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တစန္ဒာဝရ၊  ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက အလင်းရောင်စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကာ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စာကြည့်တိုက်အဆောက်အဦအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး စာကြည့်တိုက်အတွင်း သုတ၊ရသ စာအုပ်စာစောင်များအား ပညာရပ်အလိုက်ခင်းကျင်းထားရှိမှု၊ ဒေသခံများ စာပေလေ့လာဖတ်ရှုနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ယင်းနောက် စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ပံ့ပိုးငွေဖြင့် ဘားအံမြို့နယ်တွင် စာကြည့်တိုက် (၃) တိုက်၊ လှိုင်းဘွဲမြို့နယ်တွင် (၂) တိုက် စုစုပေါင်း (၅) တိုက် ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး ယခုဖွင့်လှစ်သည့် စာကြည့်တိုက်သည် ၂၀၂၅ ခုနှစ်အတွင်း တည်ဆောက်ပြီးစီးသည့် ပထမဆုံးစာကြည့်တိုက်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများ၊ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုများကို အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိပြီး အနာဂတ်မျိုးဆက်သစ်လူငယ်များ အစဉ်အမြဲစာပေ ဖတ်ရှုလေ့လာနိုင်အောင် စာဖတ်သည့်အလေ့အထများ စွဲမြဲလာအောင် မိမိတို့ဘဝအောင်မြင်တိုးတက်အောင်၊ အမှားအမှန်ခွဲခြားနိုင်အောင်၊ အသိပညာဗဟုသုတများ တိုးပွားအောင် စာကြည့်တိုက်သို့သွားရောက်ပြီး စာပေလေ့လာဖတ်ရှုကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် အဆိုပါစာကြည့်တိုက်အတွက် စေတနာရှင်အလှူရှင်များက ငွေပဒေသာပင်များ ပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့က စာအုပ်စာစောင်ပေါင်း ၂၅၀ အုပ်ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယင်းနောက် ဘားအံခရိုင်အုပ်ချုပ်ရေးမှူးက စာကြည့်တိုက်အဆောက်အအုံနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ၊ စာအုပ်စာစောင်နှင့် ပရိဘောဂများကို စာကြည့်တိုက်မှူးထံ လွှဲပြောင်းပေးအပ်ပြီး စာကြည့်တိုက်ကော်မတီဝင် ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စာကြည့်တိုက်ဖွင့်ပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)