ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်(၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဟားခါး စက်တင်ဘာ ၂၆

(၁၉) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အခမ်းအနားကို စက်တင်ဘာလ ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏  ဇနီးများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဟားခါးမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ခွေးရူးရောဂါသည် ကူးစက်ခံရပါက အသက်သေဆုံးသည်အထိဖြစ်နိုင်သည့် ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် အရေးကြီးရောဂါအဖြစ် သတ်မှတ်ထားပါကြောင်း၊ ခွေးရူးကင်းစင် ကမ္ဘာတစ်ခွင်ဟူသော ၂၀၃၀ ရည်မှန်းချက်နှင့်အညီ နှစ်စဉ် စက်တင်ဘာလ ၂၈ ရက်ကို World Rabies Day ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အဖြစ် သတ်မှတ်ပြီး ပြည်သူလူထု လက်တွဲပူးပေါင်းပါဝင်နိုင်ရန်အတွက် ကမ္ဘာတစ်ဝှမ်းလုံးနှင့် မြန်မာနိုင်ငံ တွင် ပညာပေးဟောပြောပွဲများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ၊ ခွေးနှင့်ကြောင်များကို ခွေးရူး ရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းများကို နှစ်စဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ချင်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ချင်းပြည်နယ်အတွင်း ခွေးရူးရောဂါကင်းစင်စေရန်အတွက် ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ခွေး၊ ကြောင်များကို ခွေးရူးရောဂါ ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းများ ယနေ့မှစ၍ ၁၀ ရက်ခန့် တစ်ပိုင်တစ်နိုင် ဆောင်ရွက်ပေးသွား မည်ဖြစ်၍ ( ၁၉ ) ကြိမ် မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့၏ “ ခွေးရူးရောဂါ ကင်းစင်ရေး ၊ မနှေးအမြန် လက်တွဲပေး” ဆောင်ပုဒ်အတိုင်း ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက် သွားရန် တိုက်တွန်းကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ဟားခါးမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော Grade-10 ၊ Grade-11 နှင့် Grade-12 ကျောင်းသား၊ ကျောင်းသူ (၇၈) ယောက်အတွက် တစ်ဦးလျှင် ကျပ် ၁၀၀,၀၀၀ နှုန်းဖြင့် ကျပ် ၇၈ သိန်း ကို ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း ၊ အမှတ် ( ၂ ) အခြေခံပညာအထက်တန်းကျောင်းရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ပညာသင်ကြားပေးနေသော ဆရာ၊ ဆရာမများ အတွက် ကျပ် ၃၃ သိန်းကို ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဒိမ်ခန်လွင်ကလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနေက် ချင်းပြည်နယ်ကျန်းမာရေး/ ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာ ချမ်းငြိမ်းမောင်က လူတွင်ထိုးနှံသော ခွေးရူးရောဂါကာကွယ်ဆေးအကြောင်း သိကောင်းစရာခေါင်းစဉ် ဖြင့်လည်းကောင်း၊ ချင်းပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာ သိန်းလွင်က ခွေးရူးရောဂါအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ခွေး၊ ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးနေမှုနှင့် ကျောင်းသား၊ ကျောင်းသူများအား အာဟာရ တိုက်ကျွေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)