ထားဝယ် စက်တင်ဘာ ၂၄
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်းပြီး လက်နက်/ ခဲယမ်းများနှင့်အလင်းဝင်ရောက်သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းလက်ခံပွဲအခမ်းအနားကို စက်တင်ဘာ ၂၄ ရက်နေ့နံနက် ၉ နာရီက ထားဝယ်မြို့ အမှတ် (၂၅) ခြေလျင်တပ်ရင်းအောင်ဆန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အလင်းဝင်ရောက်လာသူများသည် ကွဲကွာသွားသော မိသားစုဝင်များ ပြည်လည်ပြီးပေါင်းစည်ကာ အတူတကွနေထိုင်ရန် ရောက်ရှိလာသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ နေရာဒေသတစ်ခုတွင် အရေးကြီးဆုံးအရာသည် တည်ငြိမ်အေးချမ်းရေးနှင့်အတူ သင့်မြတ်စွာ ပေါင်းစပ်နေထိုင်ခြင်းသည် တန်ဖိုးအရှိဆုံးအရာဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှသာလျှင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို အထောက်အကူပြုနိုင်ကြောင်း၊ ယခင်ကတည်ငြိမ် အေးချမ်းသည်အတွက် တိုင်းဒေသကြီးအတွင်းဒေသဖွံ့ဖြိုးတိုးတက်လာပြီး ရောင်းဝယ် ဖောင်းကာလာမှုများ၊ ခရီးသွားလာသူများဖြင့် စီးပွားဖွံ့ဖြိုးတိုးတက်လာကြောင်း၊ ငြိမ်းချမ်းရေး၏အရသာတန်ဖိုးသည် အရေးကြီးကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာပြီးနေထိုင်သူများ ပြန်လည်၍ အလင်းဝင်ရောက်ကာ အတူနေထိုင်သည့်ဘဝမျိုးစသင့်ပြီ ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း အကြောင်းအမျိုးမျိုးကြောင့် နေထိုင်သူများ၊ အခြားဒေသမှနေထိုင်သူများအား မိသားစုနှင့်အတူတကွနေထိုင်ရေး မျှော်လင့်ပြီး နည်းမျိုးစုံဖြင့် ဆက်သွယ်ထားမှုများရှိကြောင်း၊ ဒေသခံလူငယ်များအတွက် ရေနက်ဆိပ်ကမ်း ပေါ်ပေါက်လာပါက အလုပ်အကိုင်အခွင့်အလမ်းများ၊ ဒေသဖွံ့ဖြိုးတိုးတက်လာမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ လမ်းမှားရောက်သွားသောလူငယ်များ၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်ရသူများကို ကျောင်းပြင်ပပညာရေးစနစ်ဖြင့် ပညာရေးဌာနနှင့် ညှိနှိုင်းပြီး ဆောင်ရွက်ပေးထားသည်များရှိကြောင်း၊ တက်ရောက်လာသူများအနေဖြင့် လမ်းမှားရောက်သွားသော လူငယ်များအား ဆက်သွယ်ပြီးပြန်လည်ရောက်ရှိနိုင်အောင် မိသားစုနှင့်ပေါင်းစည်းနေထိုင်နိုင်ရေး ကြိုးစားဆောင်ရွက်ပေးစေလို ကြောင်းပြောကြားသည်။
ထို့နောက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်ကျော်ကျော်ဟန်က နိုင်ငံတော်အစိုးရ၏စေတနာ၊ နိုင်ငံတော်အကြီးအကဲများ၏ စေတနာတို့ကြောင့် နိုင်ငံသားတိုင်းကို မိမိတို့၏ရင်သွေးများသဖွယ် သဘောထားပြီး နိုင်ငံအနှံ့တွင် ကျင်းပပြုလုပ်လေ့ရှိသည့် အခမ်းအနားမျိုးကို မိမိတို့ တိုင်းစစ်ဌာနချုပ်တွင် ယနေ့၌ ဒုတိယအကြိမ် ကျင်းပပြုလုပ်ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိသော အလင်းဝင်ရောက်လာသူ PDF များအား မိဘအုပ်ထိန်းသူများထံ စနစ်တကျ လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် ယခုလို အခမ်းအနားပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဒါကြောင့် PDF အဖွဲ့များအပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အား နိုင်ငံတော်က သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဥပဒေဘောင်အတွင်းသို့ အလင်းဝင်ရောက်ပြီး လက်နက်အပ်နှံကာ ပြည်သူ လူထုနှင့်အတူ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်နိုင်ရန်အတွက် ယခုလို နယ်မြေဒေသအသီးသီးတွင် ပြန်လည်ကြိုဆိုလက်ခံရေးစခန်းများ ဖွင့်လှစ်ပြီးဖိတ်ခေါ်ရခြင်းဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လမ်းမှားရောက်နေသော လူငယ်လူရွယ်များကိုလည်း နိုင်ငံတော်အစိုးရ၏ သဘောထားကြီး မေတ္တာထားမှု အောက်တွင် ပူးပေါင်းလာစေရေး ထပ်ဆင့်ပြန်လည် ပြောကြားသွားရန်လိုအပ်ကြောင်းပြောကြားသည်။
ဆက်လက်၍ အလင်းဝင်ရောက်သူများက တိုင်းမှူးဗိုလ်ချုပ်ကျော်ကျော်ဟန်ထံ လက်နက်အပ်နှံပြီး တိုင်းမှူးနှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများချီးမြှင့်ကာ အလင်းဝင်ရောက်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)