လိပ်သို စက်တင်ဘာ ၂၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာဂျွန်ရေးသားသော “ခေါင်းဆောင်ကောင်းများ မေးမြန်းလေ့ရှိသည့် အဓိပ္ပာယ်နက်ရှိုင်းသော မေးခွန်းများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာ/ထောက်-၃ (ပြ) နော်ဖလောရင်းဟန်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာသည်အသိတရားကို ပေးစွမ်းနိုင်သလို ကိုယ်ကျင့်တရားကိုလည်း ပေးစွမ်းနိုင်ကြောင်း၊ စာဖတ်ခြင်းဖြင့် ရသပေါင်းများစွာ ရရှိခံစားနိုင်သည့်အပြင် ဆင်ခြင်တွေးခေါ်မှုအတတ်ကိုလည်း ရရှိပိုင်ဆိုင်စေနိုင်ကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် နော်လရောင်ချိုက “ကျွန်ုပ်မေးမြန်းသောမေးခွန်းများ” ခေါင်းစဉ်အောက်မှ “အောင်မြင်မှုရရှိတဲ့ ခေါင်းဆောင်တွေဟာ အခြားသူတွေကို မေးခွန်းတွေများစွာ မေးမြန်းခြင်းနဲ့ ကောင်းစွာ လေ့ကျင့်တတ်ကြကြောင်း၊ အတွေ့အကြုံ၊ ဗဟုသုတနဲ့ ပညာဉာဏ်တွေဟာ မေးခွန်းတွေကို အခြေခံပြီး ရရှိခဲ့တာဖြစ်ကြောင်း၊ မေးခွန်းများများ မေးတတ်ခြင်းသည် လူအများနဲ့ထိတွေ့ဆက်ဆံဖို့အတွက် အထိရောက်ဆုံးသောနည်းလမ်းဖြစ်ကြောင်း” စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
စာရေးဆရာဂျွန်ရေးသားသော “ခေါင်းဆောင်ကောင်းများ မေးမြန်းလေ့ရှိသည့် အဓိပ္ပါယ်နက်ရှိုင်းသော မေးခွန်းများ” စာအုပ်အား ဖတ်ရှုခြင်းဖြင့် စိတ်ကူးအတွေးအခေါ်တွေကို မျှဝေနိုင်ခြင်းသည် ဘဝတိုးတက်မှုအမျိုးမျိုးကို ဖြစ်စေနိုင်ကြောင်း သိရသည်။
နော်ဖလောရင်း