မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်တွင် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

မြိတ် စက်တင်ဘာ  ၂၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီမှ ကြီးမှူး၍ အသံမစဲမဟာ ပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာ (၂၄) ရက် နံနက် (၉) နာရီက မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်၌ ကျင်းပသည်။

ပူဇော်ပွဲကို ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ (၃) ကြိမ်ရွက်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဇေယျာဝံသကျောင်းတိုက်ဆရာတော်က ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် မြတ်စွာဘုရားရှင်အား ပင့်ဖိတ်သည်။

ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာရဒ မော်တောင်ပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက အသံမစဲရွတ်ဖတ်ပူဇော်မည့် ပဋ္ဌာန်းကျမ်းများကို မော်တောင်ဆရာတော်ထံ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ ဘုရားငါးဆူပရိယတ္တိစာသင်တိုက်၊ စာချနာယက ဆရာတော်က ပဋ္ဌာန်းကျမ်းတော်ကြီး ရှိခိုးဂါထာဖြင့် ပူဇော်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဝင်၊ မော်တောင် ပရိယတ္တိစာသင်တိုက်၊ စာချနာယက ဆရာတော်က နတ်ဗြဟ္မာများအား ပင့်ဖိတ်သည်။

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က ပဌာန်းအကြောင်း သိကောင်းစရာ ဩဝါဒကထာများ မိန့်ကြားပြီး တောကျောင်းပရိယတ္တိ စာသင်တိုက်မှ ဘဒ္ဒန္တအဂ္ဂသီရိက ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းနှိုးဆော်လွှာ (ပဋ္ဌာန်းအမွှန်း) အား ရွတ်ဖတ်ပူဇော်သည်။

အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ပဋ္ဌာန်းဒေသနာတော် ပစ္စယုဒ္ဒေသပါဠိ ရွတ်ဖတ်ပူဇော်ပြီး အလှည့်ကျ ပဋ္ဌာန်းဘာဏက ဆရာတော် (၂၁) ပါးက အသံမစဲမဟာပဋ္ဌာန်းကျမ်းကို စတင်ရွတ်ဖတ်ပူဇော်သည်။ ပူဇော်ပွဲကို စက်တင်ဘာ (၂၄) ရက်မှ (၂၆) ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)