လှိုင်းဘွဲမြို့နယ်တွင် အသိပညာပေးဟောပြောပွဲ ကျင်းပ

လှိုင်းဘွဲ စက်တင်ဘာ ၂၄

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီးကျင်းပသော ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံလာစေရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ (၁) နာရီက ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ကရင်ပြည်နယ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက လူငယ်နှင့်စာပေယဉ်ကျေးမှု ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ပြီး ကရင်ပြည်နယ် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုးက တိုင်းရင်းသားအခွင့်ရေးနှင့်ရပိုင်ခွင့်များအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်ထွန်းက ဘက်စုံပညာဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောသော်တာလင်းသန့်က လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူးတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား အထွေထွေဉာဏ်စမ်းပဟေဠိမေးမြန်းခြင်း၊ ဆုချီးမြှင့်ခြင်းနှင့်ဌာနဆိုင်ရာများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူတိုင်းပါဝင်ကူညီပေး၊ မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး စသည့်အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)